သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုချီးရားတန်းအနောက်ရွာ မီးလောင်မှုဖြစ်ပွား


အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ သတင်းတွေဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက မူဆလင်ကျေးရွာတရွာမှာ အင်္ဂါနေ့ ညဦးပိုင်းက မီးလောင်မှုတခု ထပ်မံဖြစ်ပွားပြီး နေအိမ် ၁၄ လုံးလောက် လောင်ကျွမ်းခဲ့ပါတယ်။ ဒီမီးလောင်မှုဟာ ရှို့မီးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပေမဲ့ အခုချိန်ထိတော့ တရားခံကို ဖမ်းဆီးရမိတာ မရှိသေးပါဘူး။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ခဲ့ပါတယ်။

ဒီမီးလောင်မှုဟာ မောင်တောမြို့နယ်က မူဆလင်ကျေးရွာတခုဖြစ်တဲ့ ဒုချီးရားတန်း အလယ်ရွာမှာ လူ ၄၀ လောက် သတ်ဖြတ်ခံခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပျက်ခဲ့တယ်လု့ိ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် အစိုးရတာဝန်ရှိသူတွေက ဒီဖြစ်ရပ်ဟာ မဟုတ်မှန်ကြောင်း နိုင်ငံတကာ သံတမန်တွေကို ရှင်းလင်းပွဲ ကျင်းပပြီး မကြာခင်မှာ ဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုဖြစ်ပွားတဲ့ ရွာကတော့ ဒုချီးရားတန်း အနောက်ရွာဖြစ်ပြီး အင်္ဂါနေ့ည ၉ နာရီလောက်က စတင်ပြီး ၁၀ နာရီလောက်မှာ မီးညွန့်ကျိုးခဲ့ပါတယ်။ ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး မောင်တောခရိုင် ခရိုင်ရဲမှူးကြီး ရွှေသန်းက အခုလို ပြောပါတယ်။

“အိမ်နည်းနည်းလေး ကြီးတဲ့ဟာ ၄ အိမ်နဲ့ အိမ်သေးသေးလေး ၁၂ အိမ်၊ အားလုံး ၁၆ အိမ်ပဲ လောင်တာ။ ရှို့မီးပါပဲဗျာ။ အထက်ကနေ သူ့ဟာသူ ညွှန်ကြားတာရှိလို့ ရှို့တဲ့ဟာပါပဲ။ ရွာမှာလည်း မိန်းမနဲ့ကလေးတွေက ရှိပြီးသားပဲ ဆိုတော့ သူ့ဟာသူ ဟိုက တယောက်ယောက်ရဲ့ အစီအမံနဲ့ ကိုယ့်ဟာကိုယ် ရှို့တဲ့ပုံစံပါပဲ။ နေအိမ်ခေါင်မိုးတွေပေါ်မှာလည်း ကောက်ရိုးတို့ ဘာတို့ တင်ထားတာ အကုန်တွေ့ပါတယ်။ သူ့ဟာသူ ရှို့တဲ့အခြေအနေပါပဲ။ ဘာလို့လဲဆိုတော့ ဒါတွေက သပ်သပ် သွားလုပ်စရာ အကြောင်းမရှိဘူး။ တိုင်းရင်းသားတွေက ဒီနားမှာ လူနည်းစုတွေ။ ကင်းချောင်းရွာတို့ ဘာတို့ဆိုရင် အိမ် ၃၅ လုံးလောက်ပဲရှိတာလေ။”

လောလောဆယ်မှာတော့ မီးရှို့တဲ့ လက်သည်တရားခံကို ဖမ်းဆီးရမိတာမရှိသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်မှာတော့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဒုချီးရားတန်း အနောက်ရွာက ရွာသားတွေကို ရွာမှာပြန်နေဖို့အတွက် ခေါ်ယူထားတယ်လို့လည်း ခရိုင်ရဲမှူးကြီး ရွှေသန်းက ပြောပါတယ်။

“အခုတော့ ကျနော်တို့က မနက်ကပဲ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းရယ် လာတယ်။ လာတော့ သူတို့လူတွေကို သူတို့ နေဖို့ပြန်ခေါ်ပေးခိုင်း။ ခေါ်ပေးတယ်ဆိုရင် ကျနော်တို့က သူတို့မရှိရင် လုံခြုံရေးက လုပ်ရတော့မယ်။ ရှေ့လျှောက်လည်း သူတို့က မီးရှို့နိုင်တဲ့ အနေအထားမျိုးရှိတာကိုး။ ဒီရွာမှာ မနေကြဘူးဆိုရင် ကျနော်တို့က လုံခြုံရေးအတွက် လုပ်ရတော့မယ်။ အဲ့ဒီအခါကျရင်လည်း ကျနော်တို့က လုံခြုံရေးယူထားလို့ သူတို့ ဝင်လို့မရတာမျိုးဖြစ်တော့မယ်။ အဲ့ဒါကြောင့်မို့လို့ ဦးအောင်မျိုးမင်းတို့ကို ပြောပြီးတော့ သူတို့အိမ်သူတို့ ပြန်လာနေခိုင်းပေးပါဆိုပြီး အခုတော့ ပြန်လာနေကြပါပြီ။ ဒါကြောင့် ကျနော်တို့လည်း လုံခြုံရေးကို ဖယ်ထားလိုက်ပြီးပြီ။ ဘာလို့လဲဆိုတော့ တမျိုးမြင်မှာစိုးလို့။ ကျနော်တို့ရှိရင် သူတို့က လာရဲမှာမဟုတ်ဘူးလေ။”

ဒီမီးလောင်မှုမှာတော့ အသေအပျောက်မရှိကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ ၁၆ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒုချီးရားတန်းရွာအနီးက အစ္စလာမ်ဘာသာဝင် ဒေသခံတဦးကတော့ ခရိုင်ရဲမှူးရဲ့ ပြောဆိုချက်အပေါ် အခုလို ဝေဖန်ပါတယ်။

“သူတို့ဘက်က အဲ့လိုပဲ ပြောအားရှိမယ်ဆိုတဲ့ အခြေအနေသည် ဘာကြောင့်လဲဆိုရင် သူတို့ကိုယ်တိုင်သည် အဲ့ဒီမှာ လုံခြုံရေးအဖြစ် တာဝန်ယူထားတာကိုး။ အဲ့ဒီမှာ အပြင်က လူတွေလည်း ဝင်လို့မရဘူး။ ကိုယ့်ရွာ၊ ကိုယ့်အိမ်ကိုယ် မီးရှို့မယ်ဆိုတဲ့ ပုံစံမျိုးပဲ သူတို့ပြောမှာပေါ့ဗျာ။ ဒါ ကိုယ့်အိမ်ကိုယ် မီးရှို့မှာလား။”

မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာကို ဇန်နဝါရီလ ၁၃ ရက်နေ့က ကင်းလှည့်သွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဒေသခံရွာသားတွေက တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ကြပ်ကြီးတဦးဟာ သေနတ်နဲ့အတူ
ပျောက်ဆုံးနေခဲ့တယ်။ ဒီလို ပျောက်ဆုံးခဲ့တဲ့နောက် လုံခြုံရေးတပ်ဖွဲ့နဲ့ ဒေသခံ တိုင်းရင်းသားတွေ ပူးပေါင်းပြီး ဒုချီးရားတန်း အလယ်ရွာကို ပြန်လည် တိုက်ခိုက်ခဲ့လို့ အမျိုးသမီးနဲ့ ကလေးတွေ သေဆုံးတာတွေ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီလို အမျိုးသမီးနဲ့ ကလေးတွေ သေဆုံးတယ်ဆိုတဲ့ သတင်းကိုတော့ အစိုးရဘက်က ငြင်းဆိုခဲ့ရာမှာ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ EU ခေါ် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတခု ဆောင်ရွက်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

အင်္ဂါနေ့ကတော့ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်ပြီး နိုင်ငံတကာ သံတမန်တွေကို အမျိုးသမီးနဲ့ ကလေးတွေ သတ်ဖြတ်တဲ့ သတင်းမဟုတ်မှန်ကြောင်း ထပ်မံ ရှင်းလင်းခဲ့ပါတယ်။ မနက်ဖြန် ကြာသပတေးနေ့မှာတော့ EU နိုင်ငံတွေက သံတမန်တွေဟာ ဒုချီးရားတန်းရွာကို သွားရောက်ပြီး လေ့လာစုံစမ်းဖို့ ရှိနေပါတယ်။
XS
SM
MD
LG