သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိတောမီး ထိန်းမရဖြစ်နေချိန် မီးသတ်လေယာဉ် ပျက်ကျ


ဂရိတောမီးတွေကို ကောင်းကင်ကနေပါဝင်ငြိမ်းသတ်နေတဲ့ စစ်လေယာဥ်တစင်း၊ ဇူလိုင် ၁၈၊၂၀၂၃
ဂရိတောမီးတွေကို ကောင်းကင်ကနေပါဝင်ငြိမ်းသတ်နေတဲ့ စစ်လေယာဥ်တစင်း၊ ဇူလိုင် ၁၈၊၂၀၂၃

ဂရိနိုင်ငံတဝန်းမှာ ရက်အတန်ကြာ လောင်ကျွမ်းနေတဲ့ တောမီးတွေကို ငြိမ်းသတ်နိုင်ဖို့ ကြိုးစားနေချိန်မှာပဲ တောင်ပိုင်းမှာ ဂရိလေတပ်က မီးသတ်လေယာဉ်တစင်း အင်္ဂါနေ့က ပျက်ကျခဲ့ပါတယ်။ Evia ကျွန်းမှာ ပျက်ကျခဲ့တာဖြစ်ပြီး အစိုးရ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ရုပ်သံမှာ အနိမ့်ပျံသန်းနေတဲ့ ရေဖြန်း မီးသတ် လေယာဉ်ဟာ ချောက်ထဲကို ထိုးကျသွားပြီး မကြာခင်မှာပဲ မီးလုံးကြီး တခု တက်လာတာကို တွေ့ရပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း လေတပ်က ပြောပေမယ့် လေယာဥ်မှူး နှစ်ယောက်စလုံး သေဆုံးဖွယ်ရာ ရှိပြီး အဲဒီလေယာဉ်မှာ ပျက်ကျရင် ခုန်ထွက်နိုင်တဲ့ ထွက်ပေါက်စနစ် မရှိဘူးလို့ ဆိုပါတယ်။

အင်္ဂါနေ့မှာ ဂရိနိုင်ငံတဝန်း တတိယမြောက်အပူလှိုင်း ဖြတ်သန်းနေတာကြောင့် အပူချိန်ကလည်း ၄၀ ဒီဂရီစင်တီဂရိတ်အထက်ကိုရောက်နေတာပါ။ အပူဒဏ်ကြားမှာ တောမီးက ရက်ပေါင်းများစွာ ထိန်းမနိုင်သိမ်းမရဖြစ်နေပြီး ညပိုင်းတွေမှာ မီးဘေးကနေ လွတ်အောင် ရွှေ့ပြောင်းပေးတာတွေလည်း ရှိနေပါတယ်။

ဂရိမီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်အရ Rhodes ကျွန်းအရှေ့တောင် ပိုင်းနဲ့ အနောက်မြောက်ပိုင်း Corfu ကျွန်းတွေမှာ တောမီးလောင်ကျွမ်းမှု အဆိုးရွားဆုံး ဖြစ်ပွားနေပြီး အဲဒီနှစ်နေရာလုံးက ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လည်ပတ်ရာ နေရာတွေလည်း ဖြစ်ပါတယ်။

နွေရာသီ တောမီးလောင်ကျွမ်းမှုတွေဟာ တခြားမြေထဲပင်လယ်နိုင်ငံတွေမှာလည်း ဖြစ်ပွားနေပြီး
အယ်လ်ဂျီးရီးယားနိုင်ငံမှာလည်း တောမီးကြောင့် အနည်းဆုံး လူ ၃၄ ဦး သေဆုံးခဲ့ပါတယ်။

ဥရောပတိုက်တဝန်း တောမီးလောင်ကျွမ်းမှုဟာ အကြိမ် အရေအတွက် တိုးလာသလို ပြင်းထန်မှုလည်း ကြီးမားလာနေပြီး ဒါဟာ ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးဆက်တွေဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG