သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebola သံသယရှိသူ ရန်ကုန်လေဆိပ်မှာတွေ့ရှိ


ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီသတင်း
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီသတင်း

အာဖရိကနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါပိုးရှိသူလို့ သံသယရှိသူ မြန်မာခရီးသည် တစ်ဦးဟာ မြန်မာ့လေကြောင်းလိုင်း 8M-332 နဲ့ လိုက်ပါလာတာ ဖြစ်ပါတယ်။ သူ့ကို သြဂုတ်လ (၁၉) ရက် မနေ့ကညပိုင်းအချိန် ရန်ကုန်လေဆိပ်မှာ တွေ့ရှိခဲ့ပြီး အီဘိုလာဗိုင်းရပ်ရောဂါ သံသယရှိသူအဖြစ် ကူးစက်ရောဂါဆေးရုံကြီးမှာ စောင့်ကြည့်နေပါတယ်။

အီဘိုလာရောဂါ ဟုတ်မဟုတ် ဆိုတာကိုတော့ သွေးနမူနာစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အာဖရိကအနောက်ပိုင်း ဂီနီ နဲ့ လိုက်ဘေးရီးယား နိုင်ငံတွေကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အသက် (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦးကို ကိုယ်အပူချိန် မြင့်တက်နေတာ၊ ကိုယ်ခန္ဓာ နုံးချိနေတဲ့ လက္ခဏာတွေကြောင့် အီဘိုလာဗိုင်းရပ်စ် သံသယ ရှိသူအဖြစ် စောင့်ကြည့်နေကြောင်းကိုလည်း အစိုးရက ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို ကိုစည်သူက တင်ပြထားပါတယ်။

အာဖရိကအနောက်ပိုင်း ဂီနီ နိုင်ငံနဲ့ လိုက်ဘေးရီးယားနိုင်ငံတွေက ပြန်ရောက်လာတဲ့ မြန်မာအမျိုးသား တစ်ဦးကို အီဘိုလာဗိုင်းရပ်စ် စောင့်ကြည့်ထိန်းချုပ်ရေး လုပ်ငန်းစဉ်အရ ထိန်းသိမ်း စောင့်ကြည့်နေတယ်လို့ အစိုးရက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။ သြဂုတ်လ (၁၉) ရက် မနေ့ညပိုင်းက ပြန်ရောက်လာတဲ့ သံသယရှိသူ အမျိုးသားတစ်ဦးအပြင် သူနဲ့အတူလိုက်ပါလာတဲ့ အမျိုးသား(၄) ဦးကိုလည်း ခေါ်ယူစောင့်ကြည့်ထားပြီးတော့ သွေးနမူနာကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ဆီ ပေးပို့စစ်ဆေးနေတယ်လို့ ဝေဘာဂီ အထူးကုဆေးရုံကြီးက ဆေးရုံအုပ် ဒေါက်တာ သန်းသန်းဌေးက ပြောပါတယ်။

“တစ်ယောက်က နေမကောင်းတဲ့ အတွက်ကြောင့်မို့လို့ ကျမတို့က ခေါ်ထားတာပေါ့နော်။သူ့ရဲ့ အပေါင်းအပါ ၄ ယောက်ကို ဆေးရုံမှာ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒါပဲရှိသေးတယ်ရှင့်။ စစ်တာလည်း ဒီမှာတော့ ဘာအဖြေမှ မထွက်သေးဘူး၊ ၃-၄ ရက်တော့ စောင့်ရမယ်ရှင့်။ မြန်မာပြည်မှာလည်း စစ်လို့မရဘူး။ WHO ကနေ လုပ်တဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကနေ လူကြီးချင်းကနေ အဖြေလာလိမ့်မယ် NHL တို့ ဘာတို့ကနေ လာလိမ့်မယ်။ နောက်တော့ သူတို့ကနေ တဆင့်ပို့မှာပေါ့။ သွေးကလည်း ကျမတို့ကနေ ဖောက်ပြီးတော့မှ လေဆိပ်ကို ပို့လိုက်တဲ့ သူ့သက်ဆိုင်ရာကနေ ယူသွားပြီးတော့ စစ်ဖို့လုပ်တယ်။”

အီဘိုလာ ကူးစက်ပျံ့နှံ့ပုံ
အီဘိုလာ ကူးစက်ပျံ့နှံ့ပုံ

ဒီကနေ့ ညနေအထိတော့ အီဘိုလာဗိုင်းရပ်စ်ရောဂါပိုး သံသယရှိသူရဲ့ အခြေအနေဟာ အလွန်ကောင်းမွန်နေပြီး ရောဂါစောင့်ကြည့်ရေးလုပ်ငန်းစဉ်အရ ထိန်းသိမ်း စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

“အကုန်ကောင်းတယ်ရှင့်။ အကုန်ကောင်းတယ်၊ တယောက်က မအီမသာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့ကနေပြီးတော့ ကြည့်လိုက်တော့ temperature နည်းနည်းလေးရှိတာကြောင့် ခေါ်ထားရတာ။ သူနဲ့လာတာက ၄ ယောက်ပေါ့နော်။ အားလုံးပေါင်း ၅ ယောက်။ ကောင်းတယ်၊ အကုန်ကောင်းတယ်။ အခုထမင်းတွေတောင် စားမယ်ဆိုလို့ ထမင်းတွေတောင် ပို့ထားတယ်၊ ဟင်းတွေလည်း ပို့ထားတယ်။ ငါးပိရည်နဲ့ စားချင်တယ်ဆိုလို့လည်း ပို့ထားတယ်။ အကုန်လုံးကောင်းပါတယ်။”

အီဘိုလာဗိုင်းရပ်စ် ရောဂါသံသယရှိသူ အမျိုးသားနဲ့ အတူပြန်လာသူ အမျိုးသား ၄ ဦး၊ စုစုပေါင်း အမျိုးသား ၅ ဦးကို ဝေဘာဂီဆေးရုံမှာ သီးသန့်ခွဲထားပြီး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ မိသားစုနဲ့လည်းတွေ့ဆုံခွင့် ပိတ်ပင်ထားပါတယ်။ သွေးနမူနာပေးပို့စစ်ဆေးပြီး အခြေအနေတွေကိုလည်း ထပ်မံထုတ်ပြန်သွားမယ်လို့ ဝေဘာဂီ ကူးစက်ရောဂါ အထူးကုဆေးရုံက တာဝန်ရှိသူတွေက ပြောပါတယ်။

သံသယရှိသူ လိုက်ပါလာတဲ့ လေယာဉ်ကိုလည်း ရောဂါပိုးသန့်စင်တာတွေ၊ လေယာဉ်ဝန်ထမ်းတွေနဲ့ လေဆိပ်တွင်း တာဝန်ရှိသူတွေကိုပါ ရောဂါကူးစက်မှု မရှိစေရေး ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း ဝင်ရောက်လာတဲ့ ခရီးသည်အားလုံးကို ကျန်းမာရေး အထူးစောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။

အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် အာဖရိက အနောက်ဖက်ခြမ်း ဂီနီ(Guinea) လိုက်ဘေးရီးယား (Liberia) ၊ ဆီယာလီယွန်း (Sierra Leone) ၊ နိုင်ဂျီးရီးယား (Nigeria) ၄ နိုင်ငံမှာ သြဂုတ်လ (၁၉) ရက်နေ့ထိ လူပေါင်း (၂၂၄၀) ကျော်မှာ ရောဂါပိုးတွေ့ရှိခဲ့ပြီးတော့ လူပေါင်း (၁၂၂၉) ဦး သေဆုံးခဲ့ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ထုတ်ပြန်ထားပါတယ်။

လူတွေကို အလျှင်အမြန်သေစေပြီး ထိန်းချုပ်ဖို့ခက်ခဲ့တဲ့ အီဘိုလာ ကူးစက်ရောဂါအန္တာရယ်ကို တားဆီးကာကွယ်နိုင်ဖို့ သတိပေးနှိုးဆော်ချက်တွေကိုလည်း နိုင်ငံပိုင်သတင်းစာတွေနဲ့ သတင်းဌာနတွေကနေ သတိပေးနှိုးဆော်တာတွေကို ထုတ်လွှင့်ပေးနေပါတယ်။

XS
SM
MD
LG