သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပုံရိပ် မြှင့်တင်မယ့် ဗုဒ္ဓဘာသာလူငယ် နှီးနှောပွဲ


First Europe Buddhist Youth Forum
First Europe Buddhist Youth Forum

ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ မြန်မာနိုင်ငံမှာ အခြားဘာသာဝင်တွေနဲ့ ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် ကမ္ဘာ့ အလယ်မှာ မြန်မာနိုင်ငံရဲ့ ပုံရိပ် ကျဆင်းနေတာကို ကာကွယ်မြှင့်တင်သွားဖို့နဲ့ ပဋိပက္ခနည်းတဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်လာစေရေး အတွက် ရည်ရွယ်ပြီး ပထမအကြိမ်မြောက် ဥရောပ ဗုဒ္ဓဘာသာ လူငယ်ဖိုရမ်ကို ဒိန်းမတ်နိုင်ငံမှာ ကျင်းပနေတာဖြစ်ကြောင်း ဒီဖိုရမ်ကို ဦးဆောင်ကျင်းပတဲ့ ပဓာန နာယက ဆရာတော်က မိန့်ပါတယ်။ ဥရောပရောက် မြန်မာနိုင်ငံသား လူငယ်တွေဟာ တချိန်မှာ မြန်မာ့လူ့ အဖွဲ့အစည်းကို ပြန်လည် အကျိုးပြုသူတွေ ဖြစ်လာအောင် ဒီဖိုရမ်က အထောက်အကူဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။ ကိုဉာဏ်ဝင်းအောင် က အကြောင်းစုံ တင်ပြပေးထားပါတယ်။

ပထမအကြိမ်မြောက် ဥရောပ ဗုဒ္ဓဘာသာလူငယ်ဖိုရမ်ကို ဒိန်းမတ်နိုင်ငံ ကိုပေ ဟေဂင်မြို့နားက ဓမ္မဆာရာ -ဓမ္မအရိပ်ကျောင်းမှာ ဇူလိုင်(၂၆) ကနေ (၃၁) ရက်နေ့ထိ ကျင်းပနေတာဖြစ်ပါတယ်။ အဲဒီဖိုရမ်မှာ ဦးဆောင် သံဃာတော်တွေနဲ့ မြန်မာလူငယ်တွေကြား ခေါင်းစဉ် (၉) ခုနဲ့ဆွေးနွေး ကြပြီး ဘာသာရေးအပေါ် ခံယူချက်၊ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ဗဟုသုတ အတိမ်အနက် စတာတွေကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးကြတယ် လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

စစ်အစိုးရလက်ထက် ဖိနှိပ်မှုတွေကြောင့် တချို့သောမြန်မာမိသားစုတွေက ဥရောပနိုင်ငံဘက် တိမ်းရှောင်လာ ကြပြီး သူတို့ရဲ့ မျိုးဆက်သစ် လူငယ်တွေကို ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ လက်ဆင့်ကမ်းချင်ပေမယ့် လူငယ် အချင်းချင်းကြား ခိုင်မာတဲ့ ကွန်ယက်တခုလိုအပ်နေတာကို ဖြည့်ဆည်းဖို့ ဒီဖိုရမ်ကို ကျင်းပရတာ ဖြစ်တယ်လို့ ဦးဆောင်ပဓာန နာယက ဆရာတော် အရှင်ကုသလသာမိက မိန့်ပါတယ်။

မြန်မာနိုင်ငံမှာ ရခိုင်ပဋိပက္ခအပါအဝင် အစွန်းရောက်တဲ့ ဗုဒ္ဓသံဃာတော်တွေရဲ့ လုပ်ရပ်ကြောင့်ပဲ မြန်မာနိုင်ငံ ဟာ ကမ္ဘာ့အလယ်မှာ ပုံရိပ် ကျဆင်းနေရပြီး ဒါကို ကာကွယ်မြှင့်တင်သွားနိုင်ဖို့ ဒီဖိုရမ်က အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ အရှင်ကုသလသာမိက VOA ကိုမိန့်ပါတယ်။

“ပဋိပက္ခတွေဆိုတာ ဘာသာရေးတခုတည်းပေါ်မှာ အခြေခံထားတာမဟုတ်ဘဲနဲ့ နိုင်ငံရေးလှည့်ကွက်တွေ၊ အာဏာတည်မြဲရေးအတွက် ဆောင်ရွက်တဲ့ အပိုင်းတွေ ပေါ့။ ဒါတွေကလည်း ရောယှက်နေတော့ အဲဒီ အကြောင်းအရာတွေကိုတော့ ဦးတည်ပြီးတော့ ဘုန်းဘုန်းတို့ မဆွေးနွေးဖြစ်ဘူး။ သို့သော်လည်းပဲ ဒီလူငယ် တွေဟာ ကိုယ့်ဘာသာတရားရဲ့ ငြိမ်းချမ်းတဲ့ဓမ္မတွေကို သေသေချာချာ သိမြင် သဘောပေါက် သွားမယ် ဆိုလို့ရှိရင်တော့ ဒီလို အကြမ်းဖက်မှုတွေမှန်သမျှကို ရှုတ်ချရမယ့်စိတ်ဓာတ်တွေ ကိန်းဝပ်သွားမယ်၊ ဗုဒ္ဓ ဘာသာဆိုတာ ငြိမ်းချမ်းတဲ့ တန်ဖိုး၊ စံနှုန်းတွေရှိနေတယ်။ ဒါကြောင့်မို့လို့ ဗုဒ္ဓဘာသာ တိုင်းပြည်တွေဟာ ငြိမ်းချမ်းအောင် လုပ်သင့်တယ်၊ ဒါမျိုး ပဋိပက္ခတွေ ကို လုံးဝလက်မခံသင့်ဘူး ဆိုတဲ့ အမြင်တွေတော့ သူတို့တွေ ရရှိသွားမယ်လို့ ဘုန်းဘုန်းကတော့ ယုံကြည်တယ်ပေါ့။ ကမ္ဘာ့အမြင်တွေရှိနေကြတဲ့ လူငယ်တွေ စုစည်းပြီးတော့ သူတို့ရဲ့ပညာတွေကို အစစ အရာရာ လိုအပ်ချက်တွေ ရှိနေသေး တဲ့ ကိုယ့်နိုင်ငံကို အကူအညီတွေ ပေးနိုင်ကြ မယ် ဆိုလို့ရှိရင် အင်မတန်မှ ကောင်းလိမ့်မယ်လို့ ဘုန်းဘုန်းက တွေးမိတာပေါ့။ ဒါကြောင့်မို့ ဒီဖိုရမ်ကို စီစဉ်ဖြစ်ခဲ့ကြတယ်ပေါ့။ ”

တကယ်တော့ ဒီဖိုရမ်ဟာ ဗုဒ္ဓဘာသာ သဘောတရား တခုထဲကိုသာ ဆွေးနွေးကြ တာ မျိုးမဟုတ်ဘဲ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကိုပါ ဖလှယ်ကြတဲ့ ပွဲလည်းဖြစ် တာကို တိုက်ရိုက်ထုတ်လွှင့်ချက်တွေမှာ တွေ့ရပါတယ်။ ဒီဖိုရမ်အပေါ် ကျေနပ်မိကြောင်း တက်ရောက်လာသူ မမေသူက ပြောပါတယ်။

First Europe Buddhist Youth Forum
First Europe Buddhist Youth Forum


“Meditation - တရားထိုင်တာတွေကို အိမ်မှာ ပြန်ပြီးတော့ လုပ်ချင်တယ်။ ဒီကနေ အစပျိုးသွားပြီးတော့ အိမ် မှာ ပြန်လုပ်ချင်တဲ့ ဥစ္စာလေးတွေ။ အဲဒါကြောင့်မို့လို့ ဒီ ဖိုရမ်ကို လာခဲ့တာပါရှင့်။ သမီးအနေနဲ့ကတော့ အရမ်း ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းမှာလည်း ပြန်ပြီးတော့ အသုံးချလို့ ရတယ်၊ မြန်မာပြည်သားတွေ ပိုပြီးတော့ စုစုစည်းစည်း၊ နွေးနွေးထွေးထွေးနဲ့ ဖြစ်သွားတယ်ပေါ့။ အဲဒီတော့ ကြိုက်ပါတယ်။”

ငြိမ်းချမ်းတဲ့ ဘာသာတရားဖြစ်တဲ့ ဗုဒ္ဓဘာသာထွန်းကားပါလျှက်နဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေပြန့်ပွားနေတဲ့ အပေါ် ဝမ်းနည်းမိကြောင်းနဲ့ အဲဒီ ပဋိပက္ခတွေ နည်း သထက် နည်းအောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထား တယ်လို့ အရှင်ကုသလသာမိက မိန့်ပါတယ်။

“ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်အသားအရောင်ပဲဖြစ်ပါစေ၊ ကျား-မ ပိုင်း ဆိုင်ရာအရဖြစ်စေ၊ ထိခိုက်အောင်၊ နာကျင်အောင်လုပ်တဲ့ ဆောင်ရွက်မှု မှန်သမျှတွေ ကို တကယ့် ဗုဒ္ဓဘာသာအစစ်ဆိုလို့ရှိရင်လည်း ဒါတွေဟာ လက်ခံသင့်တဲ့ကိစ္စတွေ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အခုလို လူငယ် ဖိုရမ်တွေပဲ လုပ်လုပ်၊ ကျန်တဲ့ ဓမ္မ သင်တန်းတွေ၊ အခြားအခြားသော တရားအားထုတ်တဲ့ ဖြစ်ရပ်တွေ၊ တခြားတခြားသော ဘာသာ၊ လူမျိုး မခွဲခြားတဲ့၊ ငြိမ်းချမ်းတဲ့ လုပ်ရပ်တွေ၊ ဒါတွေကို ဘုန်းဘုန်းတို့ အများကြီး ဖန်တီးပေးကြရမယ်။ အဲဒီလို စကား လုံးတွေ ထွက်လာအောင်၊ အဲဒီလို ပြုမူလုပ်ဆောင်ချက်၊ Activities တွေ ထွက်လာအောင် ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် စောစောက အကျည့်တန် ရုပ်ဆိုးတဲ့ ဖြစ်စဉ်တွေ၊ ပဋိပက္ခတွေက တဖြည်းဖြည်းနဲ့ ဘေးရောက် သွားမယ်လို့ ဘုန်းဘုန်းကတော့ ယုံကြည်တယ်ပေါ့။”

ဒီဖိုရမ်မှာ ဥရောပ နိုင်ငံအသီးသီးမှာ ပြန့်ကျဲနေတဲ့ မြန်မာမိသားစုတွေထဲက အသက် (၁၄) နှစ်ကနေ (၃၀) ကြား လူငယ်အယောက် (၅၀) ကျော် တက်ရောက်ခဲ့ကြပြီး အင်္ဂလန်၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်နဲ့ ဂျာမနီနိုင်ငံတွေမှာ နေထိုင်ကြတဲ့ မြန်မာလူငယ်တွေ ဖြစ်ပါတယ်။

ဒီဖိုရမ်ကို ဓမ္မဆာရာဓမ္မအရိပ်ကျောင်း ပဓာန နာယကဆရာတော် ဘဒ္ဒန္တကုသလ သာမိ၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သုဝဏ္ဏသိင်္ဂီ မိုးကုတ်ရိပ်သာ ဆရာတော် ဘဒ္ဒန္တ ကဝိသာရတို့ ကြွရောက်သလို မြန်မာနိုင်ငံက ကျိုက်သီမွန်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ အိန္ဒြာလင်္ကာရနဲ့ ဆရာလေး ဒေါ်ကေတုမာလတို့လည်း တက်ရောက်ဆွေးနွေး ချီးမြှင့်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG