သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးခေါင်း အစားထိုး ကုသမှု စမ်းသပ်မည်


ဦးခေါင်းအစားထိုးခွဲစိတ်မှုကို ကူညီသူ ကြွက်သားပျက်စီးပြီး အားနည်းတဲ့ ရောဂါတမျိုး ခံစားနေရတဲ့ အသက် ၃၁ နှစ်အရွယ် ရုရှား software ပညာရှင် Valery Spiridonov ။
ဦးခေါင်းအစားထိုးခွဲစိတ်မှုကို ကူညီသူ ကြွက်သားပျက်စီးပြီး အားနည်းတဲ့ ရောဂါတမျိုး ခံစားနေရတဲ့ အသက် ၃၁ နှစ်အရွယ် ရုရှား software ပညာရှင် Valery Spiridonov ။

လူ့ ဦးခေါင်းကို အစားထိုးဖို့ အကြံဟာ မဖြစ်နိုင်ဖူးလို့ ထင်ရှားတဲ့ ခွဲစိတ်ဆရာဝန် အများအပြားက တွက်နေကြတုန်းမှာပဲ အီတလီနိုင်ငံသား ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ခွဲစိတ်ဆရာဝန် Sergio Canavero က သူဟာ လာမယ့် ၂၀၁၇ ခုနှစ်မှာ လူ့ဦးခေါင်း အစားထိုး ခွဲစိတ်မှုကို ပထမဆုံး စတင် စမ်းသပ်ဖို့ စီစဉ်ထားဆဲပဲလို့ ပြောကြားလိုက်ပါတယ်။

ကြွက်သားပျက်စီးပြီး အားနည်းတဲ့ ရောဂါတမျိုး ခံစားနေရတဲ့ အသက် ၃၁ နှစ်အရွယ် ရုရှား software ပညာရှင် Valery Spiridonov က သူ့ခွဲစိတ်မှုအတွက် စေတနာနဲ့ အကူညီပေးမှာ ဖြစ်ပါတယ်။ Canavero ရဲ့ အစီအစဉ်အတွက် Mayo ဆေးရုံက အငြိမ်းစား ခွဲစိတ်ဆရာဝန်ကြီး Dr. Michael Sarr အပါအဝင် ဆေးပညာ အသိုင်းအဝိုင်းက ထောက်ခံသူတွေ ရှိနေပါတယ်။

ဒီအစီအစဉ်ဟာ အန္တရာယ် သိပ်ကြီးပေမယ့် သူ့စမ်းသပ်မှုတွေအရ ကျောရိုးက အာရုံကြောမကြီးတွေကို ပြန်ပြီး ဆက်တာဟာ အလုပ်ဖြစ်ကြောင်း တွေ့ရတယ် လို့လည်း သူက ပြောပါတယ်။ Spiridonov ဟာ ရောဂါခံစားနေရတာကြောင့် သူ့ကိုယ်ခန္ဓာက ကြွက်သားတွေကို မလှုပ်ရှားနိုင်သလို သူအသက်ရှည်ဖို့ လမ်းလည်း သိပ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။

ခွဲစိတ်ချိန်ဟာ ၃၆ နာရီလောက် ကြာမြင့်မယ်လို့ ခန့်မှန်းထားပြီး ဖြတ်တောက်ထားတဲ့ သူ့ခေါင်းကို အပူချိန် ၁၂ ဒီဂရီ Celsius ဝန်းကျင်မှာ အအေးခံထားမှာပါ။ သူ့ခေါင်းကိုဖြတ်ပြီးတာနဲ့ ဦးနှောက်သေနေပြီဖြစ်တဲ့ အလှုရှင်ရဲ့ကိုယ်ခန္ဓာနဲ့ အမြန်ဆုံး ပြန်ပြီးဆက်ဖို့ လုပ်မှာ ဖြစ်ပါတယ်။

သူ့ကို တခြားတိရိစ္ဆာန်တွေရဲ့ ဦးခေါင်းတွေကို အစားထိုးကုသပေးခဲ့ဘူးတဲ့ သူတချို့ အပါအဝင် ခွဲစိတ်ဆရာဝန်ပေါင်း တရာနဲ့ တခြား ဆေးဝန်ထမ်းတွေပါတဲ့ အဖွဲ့က အကူညီပေးမှာ ဖြစ်ပါတယ်။

ခွဲစိတ်အပြီးမှာတော့ Spiridonov ကို သီတင်း ၃- ၄ ပါတ်လောက် သတိမေ့ပြီး ကိုမာဝင်အောင်လုပ်ပေးထားမှာဖြစ်ပြီး အဲဒီလို လုပ်ထားချိန်မှာ ဆရာဝန်တွေက သူ့ရဲ့ ကျောရိုး အာရုံကြောမကြီးတွေကို ပြန်ဆက်ပြီး အလုပ်လုပ်လာအောင် လုပ်ပေးကြမှာ ဖြစ်ပါတယ်။

ကမ္ဘာတလွှားမှာ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို အစားထိုး ခွဲစိတ်ကုသမှုတွေ ပုံမှန်လုပ်နေကြပေမယ့် ဦးခေါင်းအစားထိုး မှုကိုတော့ မျောက်တွေမှာပဲ စမ်းသပ်ခဲ့တာဖြစ်ပြီး ဒီစမ်းသပ်မှုအားလုံးကတော့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သူ့လူနာ Spiridonov ဟာ ခန္ဓာကိုယ် အသစ်နဲ့ အသက်ရှင် နေနိုင်မှာ ဖြစ်သလို ခွဲစိတ်မှုအပြီး တနှစ်အတွင်းမှာပဲ သူဟာ လမ်းပြန်လျှောက်နိုင်မယ်လို့ Canavero က ခန့်မှန်းထားတာပါ။

XS
SM
MD
LG