သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတကတော် တရုတ်နိုင်ငံ သီတင်းတပတ်ကြာသွားမည်


အမေရိကန် သမ္မတကတော် Michelle Obama ဟာ သီတင်းတပတ်ကြာ တရုတ်နိုင်ငံ ခရီးစဉ်အဖြစ် မိခင်နဲ့သမီး ၂ ယောက်တို့နဲ့အတူ ဗုဒ္ဓဟူးနေ့မှာ စတင်ထွက်ခွာဖို့ ရှိပါတယ်။

ခရီးစဉ်အတွင်းမှာတော့ ပညာရေးကိစ္စကို ဦးစားပေးမှာဖြစ်သလို ၂ နိုင်ငံကြား သဘောထားကွဲလွဲနေတဲ့ လူ့အခွင့်အရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေလည်း ပါဝင်မယ့်အကြောင်း သမ္မတအိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။

ဒါပေမဲ့လည်း သဘောထား ကွဲလွဲနေတဲ့ကိစ္စတွေကို အစိုးရတွေ အချင်းချင်း တိုက်ရိုက်ပြောဆိုနေတာကြောင့် သမ္မတကတော်အနေနဲ့ ဒီကိစ္စတွေကို အဓိက အာရုံစိုက်နေဖို့ မလိုတဲ့အကြောင်းလည်း အိမ်ဖြူတော်ရဲ့ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Ben Rhodes က တနင်္လာနေ့မှာပဲ ပြောဆိုသွားပါတယ်။

ခရီးစဉ်အတွင်းမှာတော့ အမေရိကန် သမ္မတကတော်ဟာ ဘေဂျင်းတက္ကသိုလ်နဲ့ တရုတ်နိုင်ငံ အနောက်တောင်ဘက်မှာရှိတဲ့ ချန်ဒူးမြို့က အထက်တန်းကျောင်း တကျောင်းကို သွားရောက် လည်ပတ်မှာဖြစ်သလို တရုတ်သမ္မတ Xi Jinping ရဲ့ ဇနီးဖြစ်သူ Peng Liyuan နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူ၊ သမီး ၂ ယောက်တို့နဲ့အတူ တရုတ်နိုင်ငံက နာမည်ကျော် မဟာတံတိုင်းကြီး၊ Terra Cotta ရှေးဟောင်း စစ်သည်တော် ရွှံ့ရုပ်တုတွေနဲ့ ပန်ဒါဥယျာဉ် တွေကိုလည်း သွားရောက် ကြည့်ရှုဦးမှာပါ။

တချိန်က အမေရိကန် သမ္မတကတော် တဦးအဖြစ် Laura Bush ရဲ့ ၂ဝဝ၈ ခုနှစ် တရုတ်နိုင်ငံခရီးစဉ်မှာတော့ မြန်မာနိုင်ငံက စစ်အစိုးရအပေါ် ဖိအားပေးဖို့ ပြောခဲ့ဖူးသလို ၁၉၉၅ ခုနှစ်က ကုလသမဂ္ဂရဲ့ အမျိုးသမီးညီလာခံကို တက်ရောက်ခဲ့တဲ့ သမ္မတကတော်ဟောင်း Hilary Clinton ဟာဆိုရင်လည်း တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ကြိုးပမ်းဖို့ ပြောဆိုခဲ့ဖူးပါတယ်။
XS
SM
MD
LG