သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အပြီး ပထမဆုံး အကြိမ် လွှတ်တော်ပြန်စ


ရပ်နားထားတဲ့ လွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့ပြန်စတာမှာ လွှတ်တော်သစ် အကူးအပြောင်း အဆင်ပြေ ချောမွေ့စေရေး စေတနာ ထား ဆောင်ရွက် သွားကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော် အမတ်တွေကို တိုက်တွန်းပါတယ်။ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပါတယ်။

အခုလွှတ်တော် အစည်းအဝေးတွေဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲ ရလဒ်တွေ အရ ပေါ်လာမယ့် လွှတ်တော် သက်တမ်းအသစ်မတိုင်ခင် ၂၀၁၀ ရွေးကောက်ပွဲအရ ဖွဲ့စည်းထားတဲ့ လွှတ်တော်တွေရဲ့ နောက်ဆုံး အစည်းအဝေးပါ။

ရွေးကောက်ပွဲ ရလဒ်တွေအရကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့မှာ အမတ်အရေအတွက် အများစုနဲ့ ပြတ်ပြတ်သားသား အနိုင်ရထားတဲ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်အများစုမှာလည်း အနိုင်ရပါတယ်။

အခုရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ချောချောမွေ့မွေ့ ကျင်းပနိုင်ခဲ့တဲ့အတွက် သမ္မတ ဦးသိန်းစိန်ကိုရော၊ ဒေါ်အောင်ဆန်း စုကြည်ကိုပါ နိုင်ငံတကာက ချီးကျူး ဂုဏ်ပြုကြပါတယ်။

ဒီရွေးကောက်ပွဲပြီးသွားတာတောင်မှပဲ လွှတ်တော်ကိုယ်စားလှယ် ၂၅% ကို စစ်တပ်က ယူထားဆဲပါပဲလို့ အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအကြံပေးပုဂ္ဂိုလ် Ben Rhodes က ကြာသပတေးနေ့မှာပြော ပါတယ်။ မြန်မာနိုင်ငံမှာ အရပ် သားအုပ်ချုပ်ရေးကို အပြည့်အဝအသွင်ကူးပြောင်းဖို့ရာ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တခု လိုအပ်တယ်ဆိုတာ လွန်ခဲ့တဲ့နှစ်တွေ အတွင်း တသမတ်ထဲ ပြောထားပါတယ်လို့ Ben Rhodes ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ မပြီးဆုံးသေးတာကြောင့် NLD ပါတီဝင်တွေနဲ့ ပါတီကို ထောက်ခံသူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုထိန်းချုပ်ပြီး လာမယ့်သီတင်းပတ်တွေ၊ လတွေအတွင်း ဘယ်လို လှုံ့ဆော်မှုမျိုးမဆို ပေါ် ပေါက်လာရင် ထိန်းသိမ်း ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

အစိုးရသစ် ဖွဲ့စည်းပြီးတဲ့နောက် NLD အနေနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ရှင်းလင်း တိကျတဲ့ အချိန်ဇယားကို ချပြသွားမယ် လို့လဲ ဒေါ်အောင်ဆန်းစုကြည် က ပြောထားပါတယ်။

XS
SM
MD
LG