သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်သစ် အတွက် ပြင်ဆင်ဖို့ သူရဦးရွှေမန်း တိုက်တွန်း


ရွေးကောက်ပွဲ အပြီး ပြန်လည်ကျင်းပတဲ့ အခုလွှတ်တော် အစည်းအဝေးတွေ ကနေ နောင်လာမယ့် လွှတ်တော်သစ် အကူးအပြောင်း အဆင်ချောမွေ့စေရေး စေတနာ ထားဆောင်ရွက်သွားကြဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော် အမတ်တွေကို တိုက်တွန်းခဲ့ပါတယ်။ အခုကျင်းပတဲ့ ပထမအကြိမ်ပြည်သူလွှတ်တော် ၁၃ ကြိမ်မြောက်အစည်းအဝေးဟာ လွှတ်တော်သစ် မခေါ်ယူခင် နောက်ဆုံးကျင်းပတဲ့ အစည်းအဝေးပါ။ နေပြည်တော် လွှတ်တော်မှာ သွားရောက် သတင်းယူနေတဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

၂၀၁၀ ခုနှစ်က စတင်ခဲ့တဲ့ လွှတ်တော်သက်တမ်း နောက်ဆုံးအကျော့ အစည်းအဝေး ကို ဒီကနေ့ စတင် ကျင်းပနေပြီဖြစ်ပါတယ်။ အခုနောက်ဆုံးကျန်တဲ့ လွှတ်တော် သက်တမ်း အစည်းအဝေးကို ကျန်ရှိနေတဲ့ အစိုးရ ဘက်ဂျက်အပြင် ဥပဒေမူကြမ်း အချို့ကို ဆွေးနွေးသွားဖို့ရှိတယ်ဆိုတာ သိရပါတယ်။ ဒါ့အပြင် လွှတ်တော်ဟောင်းတွေ အနေနဲ့ လာမယ့် လွှတ်တော်သစ်ကို ချောချောမွေ့မွေ့နဲ့ လွှဲပြောင်းသွားနိုင်ဖို့လည်း ဆောင်ရွက်သွားပါမယ်ဆိုပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုသွားပါတယ်။

“လာမယ့် ဒုတိယအကြိမ် လွှတ်တော်အသစ်သည် ပထမအကြိမ်ထက် ပို၍ အရည်အသွေးရော အရည်အချင်းပါ ပြည့်စုံပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွား ကို ပိုမိုဆောင်ရွက်နိုင်စေရန် အတွက် ကျနော်တို့က လမ်းခင်း ဆောင်ရွက်ပေးကြရအောင်။ ဒါ့ကြောင့် ကိုယ်စားလှယ်များ အနေဖြင့် ဆောင်ရွက်ခွင့် ရရှိချိန်ကာလ အတွင်း ပြည်သူ့ အကျိုးစီးပွား အတွက် စေတနာဖြင့် ဝီရိယထား ဆောင်ရွက်သွားကြရအောင်လို့ တိုက်တွန်းရင်း နှုတ်ခွန်းဆက်သ လိုက်ပါတယ်။”

ဒီကနေ့မနက် ၁၀ နာရီမှာ စတင်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး အတွင်းမှာတော့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပြည်ပခရီးစဉ်တွေနဲ့ ပက်သက်လို့ အစီရင်ခံချက်တွေနဲ့ ရစ်မျိုးဥပဒေ ပြင်ဆင်ချက် အပါအဝင် ဥပဒေမူကြမ်းအချို့ကို ဆွေးနွေး အတည်ပြုတာတွေလုပ်ပါတယ်။

အခုပြုလုပ်တဲ့ လွှတ်တော် အစည်းအဝေးအတွင်းမှာတော့ ပုံမှန်အားဖြင့်ဆိုလို့ရှိရင် အစိုးရအသုံးစရိတ် ဆိုင်ရာ ဆွေးနွေး အတည်ပြုပေးရမယ့် အစည်းအဝေးဖြစ်ပါတယ်။ လွှတ်တော်အသစ် အကူးအပြောင်း ကတော့ ချောချောမွေ့မွေ့ဖြစ်လိမ့်မယ် လို့ မျှော်လင့်တဲ့ အကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက VOA ကို ပြောပါတယ်။

“ ပုံမှန်အားဖြင့်တော့ ဒီလွှတ်တော်ဟာ ကျနော်တို့ ဖြည့်စွက် ဘက်ဂျက် လို့ပြောတဲ့ နှစ်တနှစ် ရဲ့ လိုအပ်တဲ့ သုံးစွဲဖို့ အတွက်ကိုပေါ့လေ၊ သက်ဆိုင်ရာ စီမံကိန်းတွေ ဒီအတွက်ကို လိုတဲ့ ငွေတွေပြန်တောင်းတယ်ဆိုတဲ့ အပတ်စဉ်ပေါ့လေ၊ လွှတ်တော်အပတ်စဉ် ဖြစ်နေတယ် ပုံမှန်အားဖြင့်။ ဒါပေမယ့် ထူးခြားတာ ကတော့ စောစောကပြောသလိုပေါ့၊ ဒါဟာ ပထမအကြိမ် လွှတ်တော် သက်တမ်းရဲ့ နောက်ဆုံး အစည်းအဝေးဖြစ်တယ်။ လာမယ့်အပတ်မှာတော့ ဒုတိယအကြိမ် သက်တမ်းစမယ့် အချိန်ဖြစ်နေတာ အဲဒါလေး ပါပဲ။ ပုံမှန်အားဖြင့် ကတော့ ဒါ ဖြည့်စွက်ဘက်ဂျက် လို့ပြောတဲ့ (RE) အတွက်ဆွေးနွေးတဲ့ လွှတ်တော်ပါပဲ။

မေး။ ။ အခုက မူကြမ်းက ၃၀ ကျော်လောက် ကျန်သေးတယ်ပြောတယ်။ မှုချုပ် ဥပဒေမူကြမ်းတွေ အဲဒါတွေကော အပြီးပြတ်ပါ့မလား။

ဖြေ။ ။ အဲလောက်ကတော့ ကျနော်တို့ မှန်းလို့တော့ မရနိုင်ဘူးပေါ့ဗျာ။ ဒါပေမယ့် ဒီဥစ္စာကိုတော့ တချို့ အင်မတန် ခေတ်နဲ့ မညီတဲ့ ဥပဒေကြမ်းတွေကိုတော့ ဒါ ပြင်ဆင်နိုင်မယ့် အနေအထားမျိုးတွေရှိပါတယ်။

မေး။ ။ နောက်တခုက အခု ဒါ လွှတ်တော်ဟောင်းက နောက်ဆုံးပေါ့နော် ။ လွှတ်တော်အသစ်လည်း လာမယ်ဆိုတော့ အကူးအပြောင်းနဲ့ ပက်သက်လို့ရော ဆွေးနွေးစရာတွေများ ရှိကြလား။

ဖြေ။ ။ကျနော် အဲလောက်တော့ မမှန်းနိုင်သေးဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ပုံမှန်အားဖြင့်ကတော့ ပုံမှန်လွှတ်တော်ဖြစ်နေတဲ့အတွက်လေ။ ဒီလောက်အထိတော့ ကျနော်လည်း မသိနိုင်ဘူး။ လက်ရှိ လွှတ်တော်ရဲ့ တာဝန်က ဥပဒေပြုရေးနဲ့ စောစောက ဘာဂျက်တွေ ပြဋ္ဌာန်းပေးတယ်။ ဖြည့်စွက် ဘာဂျက်တွေ ပြဌာန်းပေးတဲ့အနေအထားပါပဲ။

မေး။ ။ကျနော် နောက်ဆုံး ကိုမင်းသူကိုမေးချင်တယ်။ အခုက ဘာပြောပြော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရသွားပါပြီ။ လွှတ်တော် အပြောင်းအလဲ လာတော့မယ်။ အခု အကူးအပြောင်း ချောချောမွေ့မွေ့ဖြစ်မယ်လို့ ယူဆလား။ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ဒီလွှတ်တော်ရဲ့ အနေအထားအရတော့ သွားမယ့် အနေအထား ကတော့ ချောချောမွေ့မွေ့ဖြစ်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”

အခုဒီလွှတ်တော်ဟောင်းကို လာမယ့်နှစ် ဇန်နဝါရီလအထိ ကျင်းပဖို့ရှိပြီးတော့ လွှတ်တော်သစ်ကိုတော့ ဖေဖာ်ဝါရီလမှာ ခေါ်ယူဖို့ရှိနေပါတယ်။ လွှတ်တော်သစ်ကပဲ သမ္မတသစ် ရွေးချယ်ပြီးတော့ အစိုးရဖွဲ့ရမှာပါ။ သူရဦးရွှေမန်းအပါအဝင် အခုလွှတ်တော်ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ် အများစု ကတော့ နောင်လွှတ်တော် မှာ ဆက်ပြီးတော့ ပါဝင်နိုင်တော့မှာ မဟုတ်ပဲနဲ့ လွှတ်တော်သစ်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အများစုနဲ့ ကျင်းပရမယ့် အနေအထားရှိနေပါတယ်။

အခုကျင်းပနေတဲ့ လွှတ်တော်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် အများစု တက်ရောက်ခွင့်ရနေတာမို့လို့ သူရဦးရွှေမန်း တိုက်တွန်းနေသလိုပဲ၊ နောင်လွှတ်တော်သစ် အတွက် ပြင်ဆင်ပေးမှု မှာ ချောမျောမွေ့မွေ့ဖြစ်ပါ့မလားဆိုတာကတော့ ဒီလွှတ်တော်ကနေပြီးတော့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက် နိုင်မလဲဆိုတဲ့ ရလဒ်ကို ကြည့်ရမယ့် အနေအထားပါ။

လက်ရှိအားဖြင့်တော့ လွှတ်တော်ဆွေးနွေးမှုခေါင်းစဉ်တွေကြည့်ရင်တော့ ပုံမှန် လွှတ်တော်တရပ်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပဲ ရှိနေပါသေးတယ်။

ကိုသားညွှန့်ဦး နေပြည်တော်ကနေ သတင်းပေးပို့ခဲ့တဲ့အသံဖိုင် အပြည့်အစုံနားဆင်ရန်

please wait

No media source currently available

0:00 0:03:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG