သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ကျဉ်း လွှတ်ရေး ဦးစားပေး လုပ်မည်ဟု ဒေါ်စု ထုတ်ပြန်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။

နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ဟာ ပြည်သူလူထု က ရွေးကောက် တင်မြှောက် လိုက်တဲ့ လက်ရှိအစိုးရရဲ့ ဦးစားပေး လုပ်ငန်းတခု ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်နိုင်မယ့် နည်းလမ်းတွေကိုလည်း ကျင့်သုံးသွားမယ်လို့ ပြောလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ဒီကနေ့ ဧပြီလ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ပထမဆုံးကြေညာချက်မှာ အခုလို ဖော်ပြ ထားတာဖြစ်ပါတယ်။ ဒီကြေညာချက် အပေါ်မှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ပေးရေး အသင်း ကလည်း ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ ပထမဆုံး ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အမှတ် ၁ / ၂၀၁၆ မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လွတ်မြောက်ရေးဟာ လက်ရှိအစိုးရရဲ့ ဦးစားပေး လုပ်ငန်းဖြစ်တယ် လို့ ပြောလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံထုတ်ပြန်ချက်အပြည့်အစုံ
နိုင်ငံတော်အတိုင်ပင်ခံထုတ်ပြန်ချက်အပြည့်အစုံ

နိုင်ငံတော်သမ္မတက ပြစ်ဒဏ်ကျခံနေရသူတွေကို လွတ်ငြိမ်းခွင့်ပေးနိုင်တာနဲ့ ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

" လွတ်ငြိမ်းချမ်းသာခွင့်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရတဲ့ လွတ်ငြိမ်းချမ်းသာခွင့်။ နောက် ရာဇဝတ်ကျင့်ထုံး (၄၀၁) အရ ရတဲ့ လွတ်ငြိမ်းချမ်းသာခွင့်။ ဒီနှစ်ခုက ကြိုက်တာကို ကျင့်သုံးပေါ့။ "

နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ကျခံနေရသူတွေ နဲ့ အမှုရင်ဆိုင်နေရသူတွေကို သမ္မတက လွတ်ငြိမ်းခွင့်ပေးနိုင်မယ့် ဥပဒေအချက် ၃ ချက်ကို ဒီကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။ ဒီကြေညာချက် မှာ ဖော်ပြထားတဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးနိုင်တဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ဥပဒေ အကြံပေး ရှေ့နေ ဦးကိုနီက အခုလို ရှင်းပြပါတယ်။

"အပြစ်ဒဏ်ကျခံထားရပြီးသား တသင်း၊ တဖွဲ့၊ တစုကို လွတ်ငြိမ်းချမ်းသာခွင့်ပေး ချင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၀၄) ရယ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁) ရယ် အဲ့ဒီ့နှစ်ခုနဲ့ သမ္မတက လွှတ်ပေးလို့ရတယ်။ ကာလုံရဲ့ ထောက်ခံချက် မလိုဘူး။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အဓိပ္ပါယ်က ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အားလုံး အကျုံးဝင်သွားတယ်။ ဆိုလိုတာက လူသတ်မှု ၊ မုဒိမ်းကောင်၊ ဓားပြကောင် လွှတ်လိုက်လို့ရှိရင် အပြင်မှာ အန္တရာယ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ အဲ့ဒီ့လူတွေပါ အကျုံးဝင်တဲ့အတွက် အဲ့တာကြောင့် အထွေထွေကျတော့ကာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အတွက် ကာလုံရဲ့ ထောက်ခံချက် ရမှ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရတယ်။ အဲ့တော့ အခုပေးမှာက ကျောင်းသားတွေ တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပေးမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၀၄) (က) ရယ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁) ရယ် နှစ်ခုကို သုံးပြီးတော့ သူ့သဘောနဲ့ ကာလုံထောက်ခံချက် မလိုပဲနဲ့ လွှတ်ပေးနိုင်တယ် ထောင်ကျပြီးသားလူဆို လွှတ်ပေးမယ်။ တချို့က အမှုစစ်ဆေးဆဲ ဥပမာဆို လက်ပံတန်းဆို အမှုမပြီးသေးဘူး။ အဲ့တော့ အဲ့ဒီ့ကလေးတွေ ဝန်းရံတဲ့ပြည်သူတွေကျတော့ စစ်ဆေးဆဲဖြစ်တဲ့အတွက် ရှေ့နေချုပ်ရုံးရဲ့ အမိန့်နဲ့ တရားရုံးကနေ ပြန်ရုပ်သိမ်းကြောင်း လုပ်ရမယ်။ ကျောင်းသားတွေကျတော့ ဘယ်သူ့မှ မထိခိုက်ဘူး။ ဒါမျိုးတွေကို ရုပ်သိမ်းမယ်ဆိုရင် တရားရုံးက အလွယ်တကူ ခွင့်ပြုမှာပါ။ တရားလိုအစိုးရက ဒီအမှုကို ရုပ်သိမ်းပါတယ် ဆိုတဲ့ လျှောက်လွှာတင် လိုက်တာနဲ့ တရားသူကြီးက ဒါကို စဉ်းစားပြီး ရုပ်သိမ်းခွင့်ပေးလိုက်လို့ရှိရင် အဲ့ဒီ့အမှုက ချက်ခြင်းပြီးသွားရော။"

မေး။ ။ အဲ့တော့ ကာလုံဘက်ကရော ကျောင်းသားတွေဘက်က ဆူဆူပူပူ လုပ်တယ် ဆိုပြီးတော့ ကန့်ကွက်တာမျိုးရော မဖြစ်လာနိုင်ဘူးလား။

"လုံးဝ ကန့်ကွက်ပိုင်ခွင့်မရှိဘူး။ နိုင်ငံတော်သမ္မတကို အာဏာပေးထားတာ။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ရဲ့ အကြီးအကဲ။ နိုင်ငံတော်၏ အထွဋ်အထိပ်ပုဂ္ဂိုလ် အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ။ ကာလုံဆိုတာ နိုင်ငံတော်သမ္မတကို အကြံပေးဖို့ ဖွဲ့ထားတဲ့ အောက်ကအဖွဲ့။"

ဒါ့အပြင် လက်ရှိဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နဲ့ အမှု ရင်ဆိုင်နေရတဲ့ ကျောင်းသားကျောင်းသူတွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေ အမြန်ဆုံး လွတ်မြောက်လာနိုင်ဖို့အတွက် ဒီကြေညာချက်မှာ ဖော်ပြထားတဲ့ အပိုဒ် ၁၊ အပိုဒ်ခွဲ (က) နဲ့ (ဂ) တို့ကို အသုံးပြုသွားမယ်လို့လည်းဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးကနေ ထုတ်ပြန် အခုလိုကြေညာချက် ထုတ်ပြန်လိုက်တဲ့ အပေါ်မှာတော့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ကြိုဆိုတယ်လို့ ပြောလိုက်ပါတယ်။

"ဒီကြေညာချက်အပေါ်မှာတော့ ကျနော်တို့ အကြွင်းမဲ့ ထောက်ခံပါတယ်။ ဒါက ဖြစ်လည်းဖြစ်သင့်တဲ့ကိစ္စပါ။ ဒါက အင်မတန်ကို အရေးကြီးပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒထဲမှာကိုက နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးနဲ့ဆက်နွယ်ပြီးတော့ အဖမ်းခံနေရသူတွေရဲ့ လွတ်မြောက်ရေးဟာ ဦးစားပေးလုပ်ငန်းဖြစ်တယ် ဆိုကတည်းကိုက ဒါဟာ အရပ်သားအစိုးရဖြစ်တယ်။ ဒီမိုကရေစီ အစိုးရဖြစ်တယ်ဆိုတာကို ပြလိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိရဘူးဆိုတာ သူပြောဆိုထားပါတယ်။ ဒီဟာကို အကောင်အထည်ဖော်ဖို့ကြိုးစားတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် ကျနော်တို့ ကျေးဇူးတင်ပါတယ်။"

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်း အရတော့ - လက်ရှိမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂၁ ဦး၊ အမှုရင်ဆိုင်နေရသူ ၁၁၆ ဦး နဲ့ အာမခံနဲ့ အမှုရင်ဆိုင်နေရသူ ၂၉၈ ဦးရှိတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။

XS
SM
MD
LG