သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်တောင်ပိုင်းပေါက်ကွဲမှု ကုလဝန်ထမ်းတချို့ ဒဏ်ရာရ


အစ္စရေး-လက်ဘနွန်နယ်စပ်က ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့ဝင်များ
အစ္စရေး-လက်ဘနွန်နယ်စပ်က ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့ဝင်များ

လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ စစ်ရေးအခြေအနေကို လေ့လာနေတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေနား ဗုံးကျည်ကျလို့ ၄ ယောက် ဒဏ်ရာရသွားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အစ္စရေးနဲ့ လက်ဘနွန်နယ်စပ်မျဉ်းတလျှောက် ခြေကျင်လေ့လာရေးလုပ်နေကြတဲ့ UNTSO အဖွဲ့ဝင် ၄ ယောက်နား ဗုံးကျည်ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အပစ်အခတ်ရပ်ဆဲရေး လေ့လာစောင့်ကြည့်အဖွဲ့ UNTSO အဖွဲ့က ထုတ်ပြန်ပါတယ်။

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်ထဲက Hezbollah အဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေတဲ့ နယ်စပ်နေရာမှာ ဖြစ်ပွားခဲ့တာပါ။ ဘယ်ကလာတဲ့ ဗုံးလဲဆိုတာကို UNTSO က မပြောပေမဲ့ လက်ဘနွန်ဘက်ကတော့ အစ္စရေးဘက်ကလို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးထိန်း ကုလသမဂ္ဂဝန်ထမ်းတွေအပေါ် ပစ်မှတ်ထားတာ လုံးဝ လက်မခံနိုင်ဘူးလို့ ကုလသမဂ္ဂအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြောင်းမဲ့ နောက်ထပ်ထိခိုက်မှုတွေ မဖြစ်အောင် အပြန်အလှန် ပစ်ခတ်မှုတွေရပ်ဖို့ ၂ ဘက်လုံးကိုလည်း UNTSO အဖွဲ့က ထပ်ပြီးတောင်းဆိုခဲ့ပါတယ်။ အစ္စရေးစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ ပါလက်စတိုင်း Hamas စစ်သွေးကြွတွေအပေါ် ထောက်ခံတဲ့ Hezbollah စစ်သွေးကြွအဖွဲ့နဲ့ အစ္စရေးစစ်တပ်ကြား နေ့စဉ်လို ပစ်ခတ်မှုတွေ ရှိနေပါတယ်။

ဂါဇာကမ်းမြောင်ဒေသထဲမှာတော့ ဂါဇာမြို့က စားနပ်ရိက္ခာဝေတဲ့နေရာမှာ သေနတ်ပစ်ခတ်မှု၊ လူအုပ်ပိမှုကြောင့် အနည်းဆုံး ၅ ယောက် သေဆုံးသွားတယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောပါတယ်။ လင်းအားကြီးချိန်မှာ အကူအညီဝေပေးတဲ့ နေရာနား မီးလောင်နေတဲ့နေရာတွေကို အကူအညီ တင်ဆောင်ထားတဲ့ကားတွေ အတင်းဖြတ်မောင်းသွားတာ Video ထဲမှာ မြင်တွေ့ရပါတယ်။

အဲဒီ Video ထဲမှာ သေနတ်ပစ်ခတ်သံတွေလည်း ကြားနေရပါတယ်။ တချို့ သေနတ်သံတွေဟာ သတိပေးတဲ့အနေနဲ့ ပစ်ဖောက်တဲ့ သေနတ်သံတွေ ဖြစ်တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ ဂျုံနဲ့ တခြား စားနပ်ရိက္ခာတွေ တင်ဆောင်လာတဲ့ ထရပ်ကား ၁၅ စီး ရောက်မယ့်နေရာမှာ ထောင်နဲ့ချီတဲ့သူတွေ စောင့်ဆိုင်းနေတဲ့အချိန် အဲဒီလို သေဆုံးမှုဖြစ်ခဲ့တာလို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောပါတယ်။

Forum

XS
SM
MD
LG