သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့် ပဲခူးမြို့ခံတွေ ဘေးလွတ်ရာရွှေ့ပြောင်း


ယခင်မှတ်တမ်းရုပ်ပုံ | ပဲခူးမြို့မှာ မနှစ်က ရေကြီးနေတဲ့ မြင်ကွင်းတခု (အောက်တိုဘာ ၉၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ပဲခူးမြို့မှာ မနှစ်က ရေကြီးနေတဲ့ မြင်ကွင်းတခု (အောက်တိုဘာ ၉၊ ၂၀၂၃)

မကြာသေးခင်က မိုးအဆက်အပြတ် ရွာသွန်းမှုတွေကြောင့် မြန်မာနိုင်ငံ နေရာတော်တာ်များများမှာ ရေဘေးဒဏ် ခံနေရပြီး ပဲခူးမြို့မှာ ဆိုရင်လည်း လူနေအိမ်တွေ၊ လမ်းတွေပေါ်အထိ ရေလွှမ်းမိုးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ နောက်ထပ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားတာကြောင့်လည်း စိုးရိမ်နေကြတာပါ။ ပဲခူးမြို့က ရေဘေးသင့် အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို ကိုစံကျော် တင်ပြထားပါတယ်။

ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ဇူလိုင် ၂၆ ရက်ကစပြီး ရေတွေဝင်ရောက်လာပြီးတော့ မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် ဇူလိုင် ၂၉ ရက်မှာ ပဲခူးမြို့ရဲ့ အဓိက ကားလမ်းမတွေပေါ်ပါ ရေတွေရောက်ရှိလာတာပါ။ ပဲခူးချောင်းအနောက်ဖက်က ဇိုင်းဂနိုင်း တောင်မြောက် ကျွန်းသာယာ ကလျာဏီ နဲ့ ပဲခူးချောင်းအရှေ့ဘက်က ကျောက်ကြီးစု ရွာသစ် မြို့သစ် စတဲ့ရပ်ကွက်တွေမှာ ရေဘေးဒဏ် ခံနေရတာပါ။
ပဲခူးမြို့စိုးရိမ်ရေအမှတ်ထက် ၁၂၀ စင်တီမီတာ မြင့်တက်နေပြီး ကားလမ်းပေါ် ရေလွှမ်းမိုးနေတဲ့အတွက် ဖြတ်သန်းသွားလာတာတွေ ပိတ်ထားပါတယ်။ ပဲခူးမြို့က ရေဘေးသင့် အနိမ့်ပိုင်းရပ်ကွက်က နေထိုင်သူတွေကို ပြောင်းရွှေ့ပေးနေကာ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ မြေပြင်မှာကူညီပေးနေတဲ့ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

"ချောင်းဖျားမှာ မိုးတအား ကောင်းသွားတာပေါ့။ ဒီ ၄-၅ ရက်ကလည်း ဆက်တိုက် ရွာလိုက်တာလေ။ ဆက်တိုက်ရွာလိုက်တော့ အပေါ်ရေများပြီး အောက်ကို ထိုးဆင်းလာတဲ့ သဘောပါ။ သာမန်ထက်တော့ နည်းနည်းထူးတယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် အရင်နှစ်လောက်ကတော့ မဆိုးဘူးပေါ့။ အဲ့လိုတော့ ပြောရမှာပေါ့။ အရင်နှစ်ဆိုရင်တော့ ဈေးပိုင်းတို့ဘာတို့ပါ ရေတအားဝင်သွားတယ်။ အခုဆို ဈေးပိုင်းတို့ဘာတို့မှာဆို ရေက ခပ်ပါးပါးပဲ ရှိသေးတယ်။ သိပ်အများကြီးတော့ မရှိပါဘူး။ လမ်းပိတ်ထားတယ်ဆိုတာ ကျွန်းသာယာ ရန်ကုန်မန္တလေး လမ်းမကြီးက ကားဖြတ်လို့မရဘူးပေါ့နော်။ အဲ့ဘက်ခြမ်းက (စိုးရိမ်ရေအမှတ်) ၉၀၀ လောက်ရောက်ကတည်းက ကားလမ်းပေါ် (ရေ) တော်တော်ကျော်သွားကတည်းက ကားဖြတ်ဖို့ အခက်အခဲရှိတာပေါ့။ ကားလေးတွေဆို ပိုအန္တရာယ်များတယ်။ ရေတအားစီးတော့ စက်ထိုးရပ်သွားတာတို့ လမ်းပိတ်ကုန်တာတို့ ဖြစ်မှာစိုးတဲ့အတွက် ပိတ်ထားလိုက်တာပါ။ ရပ်ကွက်အတွင်းမှာရှိတဲ့ မြေနိမ့်ပိုင်းမှာရှိတဲ့ ပြည်သူတွေကိုတော့ တော်တော်များများတော့ ကယ်ထုတ်ပြီးနေပါပြီ။ နောက်ထပ်ကျန်ရှိပြီး ဆက်သွယ်လာတဲ့သူတွေကိုလည်း ကျွန်တော်တို့ အချိန်နဲ့ တပြေးညီကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပါတယ်။"

ပဲခူးချောင်းဖျားမှာ မိုးရေများပြီး ပဲခူးမြို့ရဲ့ အဓိက ဆည်ဖြစ်တဲ့ ဇောင်းတူဆည်မှာ ရေမကျသေးလို့ ပဲခူးမြို့ဟာ စိုးရိမ်ရေအမှတ်မှာ ဆက်ရှိနိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။

"ပဲခူးမြို့ရေကြီးတယ်ဆိုတာက ချောင်းဖျားမှာ မိုးများလို့။ အဓိက မိန်းက ဇောင်းတူဆည်ပေါ့။ ဇောင်းတူဆည်က နှစ်ပေါင်းကြာပြီဆိုတော့ ရေတမံက သိပ်မထိန်းနိုင်ဘူး။ လွှတ်ချတာမဟုတ်ဘူး သူဘာသာ အလိုလို ကျော်ကျတဲ့နေရာက ကျော်ကျနေတာ။ အဲ့ဒါကြောင့် ပဲခူးက အဓိက ရေကြီးတာ။ ဇောင်းတူမှာ ရေက ဒီနေ့တက်ပြီးရင် မနက်ဖြန်လောက်ဆို ပြန်ဆင်းသွားပြီ။ ဇောင်းတူမှာက အခုဖြစ်နေတာက ၂၅-၂၆-၂၇-၂၈ အထိကို လျော့လိုက် တက်လိုက်ဖြစ်နေတာ။ အခုထိ ဇောင်းတူမှာက တက်လိုက်ကျလိုက်ဖြစ်နေတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိနေတုန်းလို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။"

ရေကြီးနေတဲ့ ပဲခူးမြို့အတွင်း ရေမြုပ်သွားတဲ့နေအိမ်ရှေ့မှာထိုင်နေသူတဦး (အောက်တိုဘာ ၁၀၊ ၂၀၂၃)
ရေကြီးနေတဲ့ ပဲခူးမြို့အတွင်း ရေမြုပ်သွားတဲ့နေအိမ်ရှေ့မှာထိုင်နေသူတဦး (အောက်တိုဘာ ၁၀၊ ၂၀၂၃)

လာမယ့်ရက်တွေမှာ မိုးဆက်လက်ရွာသွန်းနိုင်တဲ့အတွက် ရေထပ်တက်နိုင်တယ်လို့လည်း မိုးဇလ ပညာရှင်တွေက ခန့်မှန်းပါတယ်။ ပဲခူးမြစ်ရေ အခြေအနေနဲ့ ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

"ဒီကြားထဲ နည်းနည်းတော့ တက်အုံးမယ်။ ပြောရရင် မိုးက သြဂုတ်လ ၂ ရက် ၃ ရက်လောက်မှ စလျော့မှာ။ ဒီကြားထဲတော့ ရွာတော့ ရွာအုံးမယ်။ ပြီးခဲ့တဲ့ရက်က မိုး ၃-၄ ရက်ရွာတယ်။ မိုးရွာတော့ ပဲခူးမှာဆို ဇောင်းတူဘက်က လာတဲ့ရေပေါ့။ ဇောင်းတူဆည် ပဲခူးမြစ်ထဲကို စီးဝင်တဲ့နေရာတွေမှာ မိုးများတာပေါ့။ မိုးများတော့ ရေတက်တာပေါ့နော်။ ရွာသမျှမိုးက မြစ်ထဲကိုစီးတော့ ရေကြီးရေလျှံဖြစ်တာပေါ့။ မိုးပါးမှပဲရေကလျော့မယ်။ မနှစ်ကလောက်တော့ စိုးရိမ်စရာမရှိဘူးလို့တော့ ခန့်မှန်းရတာပေါ့။ မနှစ်က အောက်တိုဘာမှ ဖြစ်တဲ့ မိုးရေကြီးတာ အဲ့ဒါက ဆည်တွေကြောင့်လည်းပါတာပေါ့။ ဆည်တွေက မနှစ်က အယ်နီညိုဖြစ်မယ်ဆိုတော့ အယ်နီညိုရေရှားမယ်ဆိုပြီး ရေတွေစုကြတာ။ အဲ့လိုရေစုနေချိန် မနှစ်က အောက်တိုဘာထဲမှာ မိုးကရွာလိုက်တော့ ရေလျှံကုန်တာပေါ့။ "

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက ပဲခူးမြို့အထင်ကရ နေရာတွေ ရေနစ်မြှုပ်တဲ့အထိ ရေဘေးဆိုးဆိုးရွားရွာခံစားခဲ့ရပါတယ်။ လက်ရှိပဲခူးမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ကျော်ဖွင့်ထားပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေ ရေဘေးသင့်နေသလို အလယ်တန်းစာမေးပွဲတွေလည်း နောက်ဆုတ်ထားပါတယ်။ ပဲခူးချောင်းဘေးမှာရှိတဲ့ ဈေးကြီးထဲ ရေဝင်ရောက်တာတွေရှိတဲ့အတွက် ဈေးကိုလည်း ပိတ်ထားပါတယ်။
ကူညီကယ်ဆယ်ရေးဆောင်ရွက်သူတွေရှိပေမယ့် လူဦးရေများပြားလို့ ရေနဲ့အစားအသောက်တွေလိုအပ်နေသလို အနိမ့်ပိုင်းရပ်ကွက်မှာနေထိုင်သူတွေကိုလည်း ရေဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG