သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတဝှမ်း မုတ်သုံမိုးအားကောင်းနေချိန် မွန်ပြည်နယ်ဘက်မှာတော့ မိုးများရေလျှံပြီး မုတ္တမတိုက်နယ်ဆေးရုံထဲ ရေအလုံးအရင်းနဲ့ဝင်လာလို့ လူနာတွေအားလုံးကို အရေးပေါ်ရွှေ့ပြောင်းကုသမှုပေးနေပြီး အရေးပေါ်ကူညီ ကယ်ဆယ်ကုသရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ မွန်ပြည်နယ်၊ တနင်္သာရီနဲ့ ကချင်ပြည်နယ် အပါအဝင် ပြည်နယ်တိုင်းတချို့မှာ ရှေ့သီတင်းပတ်တပတ်လုံး မုတ်သုံမိုး ဆက်အားကောင်းနိုင်ခြေရှိလို့ ပြည်သူအများ ရေဘေးအန္တရာယ် မြေပြိုကျမှုအန္တရာယ် အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးထားပါတယ်။

ဇူလိုင်လ ၈ရက်နေ့ တနင်္ဂနွေနေ့ရဲ့ မိုးလေဝသတိုင်းတာချက်တွေအရ မုတ်သုံလေအားအရမ်းကောင်းနေပြီး မြန်မာ့ပင်လယ်ပြင် ကမ်းရိုးတန်းတလျောက် မိုးသက်လေပြင်းတွေကျရောက်နိုင်လို့ ပင်လယ်ပြင်မှာသွားလာလုပ်ကိုင်နေသူတွေ အထူးသတိထားကြဖို့နဲ့ တောင်ကုန်းတွေနဲ့ကုန်းစောင်းတွေမှာ နေထိုင်သူတွေ မြေပြိုကျမှုအန္တရာယ် ရေကြီးရေလျှံတဲ့အန္တရာယ်တွေကို အထူးသတိထားကြဖို့ သတိပေးလိုတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"မွန်ပြည်နယ်၊ တနင်္သာရီကတော့ ဆက်ပြီးတော့ မုတ်သုံလေအားကောင်းမယ်ပေါ့နော် အဲဒီဒေသတွေမှာတော့ မိုးက ဆက်ပြီးတော့ များမယ့်အနေအထားရှိမယ်နောက် ၄-၅ ရက်အထိပေါ့နော်။ ၂ ရက် ၃ ရက်လောက်နေရင် မုတ်သုံလေအားကောင်းလာတာနဲ့ မလေပြင်းပါ ကောင်းလာမယ့်အနေအထားရှိတယ်။ ဒီတပတ်ထဲမှာလည်း မွန်ပြည်နယ်၊ တနင်္သာရီကမ်းရိုးတမ်းတလျောက်မှာ မိုးဆက်ပြီးတော့ ပိုနေမယ့်အနေအားရှိတယ်။ မုတ်သုံလေကလည်း နောက် ၇ ရက်လောက်အထိတော့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ အားကောင်းလာမယ့်အနေအထားတွေတွေ့ရပါတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေဖြစ်လာရင် မြစ်ငယ်၊ ချောင်းငယ်တွေ ရေပြည့်ရေလျံမှုတွေ ဖြစ်လာနိုင်တယ်။ နောက်တချက်ကတော့ မြန်မာနိုင်ငံ မြစ်ကြီးတွေမှာလည်း လက်ရှိရေအနည်းငယ်ပိုများနေတဲ့အနေအထားရှိတယ်။ ရေကြီးရေလျံမှုတွေဖြစ်လာနိုင်တယ် ဒါတွေအတွက်ကြိုပြီးတော့ ပြင်ဆင်ထားဖို့လိုတယ် နောက်တချက်ကတော့ ဒီရက်ပိုင်းတွေမှာ မုတ်သုံလေအားကောင်းနေတယ် ပင်လယ်ပြင်မှာ ခရီးသွားနေတဲ့ လူတွေအနေနဲ့ မိုးလေ၀သတင်းကို အထားအလေးထားပြီးတော့ သွားလာစေချင်တယ်။ တောင်ကုန်းတောင်တန်းတွေမှာ မြေပြိုမှုတွေ ဒါတွေကိုတော့ အထူးသတိပြုဖို့ လိုပါတယ်ဆိုတဲ့အကြောင်း ကျနော့်အနေအနဲ့ ပြောကြားလိုပါတယ်။"

ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်ဘက်တွေမှာလည်း ဒီသီတင်းပတ်ထဲ မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းနေတဲ့အတွက် မိုးများရေကြီးပြီး တံတားတချို့ ရေလျှံတာ ပျက်စီးတာရှိခဲ့ပါတယ်။ မွန်ပြည်နယ် မုတ္တမဘက်မှာတော့ မုတ္တမ တိုက်နယ်ဆေးရုံထဲ ရေတွေအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ အရေးပေါ်လူနာတွေနဲ့ ဆေးရုံပစ္စည်းတွေကို အမြန်ဆုံးကူညီကယ်ထုတ်ပေးနေကြရပါတယ်။

လောလောဆယ်မှာတော့ အရေးပေါ်လူနာတချို့ကို မော်လမြိုင်ဆေးရုံကြီးကို ရွှေ့ပြောင်းပေးထားရပြီး တချို့လူနာတွေကိုတော့ ရေဘေးကူညီကယ်ဆယ်ရေးစခန်းတွေကို ပို့ဆောင်ပေးထားသလို ဆေးရုံဆေးခန်းတွေမှာလည်း ဆရာဝန်တွေအပါအဝင် ဆေးဝန်ထမ်းတွေက ၂၄နာရီ အရေးပေါ်ကုသပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဗွီအိုအေကိုပြောပါတယ်။

"နံပတ်၁ ကတော့ လူနာတွေကို ဆေးရုံမှာ ရေ၀င်လာတော့ လွှဲပေးရတယ်ပေါ့ အရေးပေါ်အနေနဲ့ မော်လမြိုင်ဆေးရုံကို ပို့လိုက်ရတယ်ပေါ့။ တချို့တော့ ဘုန်းကြီးကျောင်းပို့ရတယ်။ ကျန်းမာရေးကတော့ ဆက်ကုရမယ် ရပ်လို့မရဘူးလေ အဲဒါကြောင့် ဘုန်းကြီးကျောင်းကို ၃၀ ပို့ထားတယ်။ ဒါပေမယ့် ဆရာဝန်၊ ဆရာမတွေကတော့ ဘုန်းကြီးကျောင်းမှာ အရေးပေါ်အနေနဲ့ ဆေးရုံဖွင့်ထားတာပေါ့နော်။"

မိုးရာသီကာလမှာ မုတ်သုံလေအားကောင်းနေချိန် မြန်မာနိုင်ငံတဝှမ်း ရေကြီးရေလျှံမှုတွေနဲ့ ရေဘေးဒုက္ခကြုံရနိုင်လို့ ကျန်းမာရေးဦးစီးဌာနဘက်က အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးနေသလို အရေးပေါ်ဆေးဝါးကုသနိုင်အောင်လည်း ရွှေ့လျားမိုဘိုင်းဆေးပေးခန်းတွေဖွင့်လှစ်ပေးပြီး ဆောင်ရွက်ပေးနေကြတယ်လို့ ကျန်းဦးစီးဌာန ဒုညွှန်ချုပ်ကပြောပါတယ်။

"Medical Emergency Plan ဆိုတာရှိပြီးသားပေါ့ ဆေးရုံဘယ်လိုဖြစ်လာရင် ဘယ်လိုရွေ့မယ် Plan တွေ ကျနော်တို့မှာ အဆင်သင့်ရှိပါတယ်။ ရှိတာက လိုအပ်တဲ့နေရာတွေကို ဘေးလွတ်ရာကိုရွှေ့ပြီးတော့ ပို့ရမယ့်ဟာတွေပြင်ဆင်ထားတယ်။ တခါတည်း လိုအပ်တဲ့ ဆေးဝါးတွေ စုဆောင်းထားတယ် ထပ်ပြီးတော့ နိုင်ငံတော် ကျန်းမာရေးဝန်ကြီးဌာနက ထပ်ပြီးတော့ ဖြည့်ထားပေးတယ်။ မိုဘိုင်း team တွေ၊ Support Team တွေကိုလည်း ချက်ချင်းလွှတ်တယ်။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ကလွှတ်တယ်၊ နောက်ပြီးတော့ ဗဟိုကလွှတ်တယ်ပေါ့နော်။တော်တော်စီစဉ်ထားပါတယ်။ နောက်ပြီးတော့ အရေးပေါ် အစီအစဉ် လှေဆိုရင်လှေပေါ့ ၊ Ambulance ဆိုရင်လည်း Ambulance ကိုစီစဉ်ထားပါတယ်။"

ရှေ့သီတင်းပတ်တပတ်လုံး ဆက်ပြီးတော့ မုတ်သုံလေအားကောင်းနိုင်တယ်တဲ့အတွက် မိုးများရေကြီးမှုတွေ ဆက်တိုက်ဖြစ်နိုင်လို့ မိုးလေဝသသတင်းတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသလို သက်ဆိုင်ရာ သဘာဝဘေးဒဏ်ကာကွယ်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဝန်ကြီးဌာနတွေနဲ့ မိုးဇလနဲ့ပူးပေါင်း ဆက်သွယ်ဆောင်ရွက်ပေးနေကြတယ်လို့လည်း မိုးဇလညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

" ကျနော်တို့ကတော့ နေ့စဉ်ထုတ်ပြန်တဲ့သတင်းတွေအကုန်လုံးကို သက်ဆိုင်ရာ ကာကွယ်ရေးဦးစီးဌာနတို့ ကြက်ခြေနီတို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ အကုန်လုံးကို ကျနော်တို့ပို့ထားတယ်၊ ကျနော်တို့ ထုတ်ပြန်သမျှတွေကိုပေါ့နော် ကျနော်တို့ လက်အောက်ဌာနတွေကိုထုတ်ပြီးတော့ ဆက်ညွှန်ကြားတဲ့ ဟာမျိုးလည်းရှိပါတယ်။"

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင်လ ၈ရက်က ထုတ်ပြန်တဲ့ နောက်နှစ်ရက်အတွက် ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် ရခိုင်ပြည်နယ် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးဆက်လက်ပိုအားကောင်းမှာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာ့ပင်လယ်ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ (၇)ပေမှ (၁၀)ပေခန့် တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုတ္တမဆေးရုံ ရေလွှမ်းလို့ ကယ်ဆယ်ရေးဆောင်ရွက်
please wait

No media source currently available

0:00 0:05:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG