သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရေကြီးမှု ၃၀၀ ကျော်သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ မိုးအပြင်းအထန်ရွာပြီး ရေကြီးလို့ သေဆုံးသူ ၃၀၀ ထက်မနည်း ရှိသွားပြီလို့ ကုလသမဂ္ဂနဲ့ တာလီဘန်အစိုးရ အရာရှိတွေက ပြောပါတယ်။ သေဆုံးသူဦးရေ ပိုများလာနိုင်သေးတယ်လို့ တာလီဘန် အစိုးရ အကြီးတန်း အရာရှိတဦးက ပြောပါတယ်။

ရေဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ဖို့ စစ်ရဟတ်ယာဥ်တွေ ရောက်နေပြီလို့လည်း သူက ပြောပါတယ်။ ရေဘေးကြောင့် လူနေ အိမ်ခြေ ၁,၀၀၀ ကျော် ပျက်ဆီး သွားခဲ့ရတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဥ် WFP ကလည်း ပြောပါတယ်။ မိုးရာသီကာလပေမဲ့ ပုံမှန်ထက် ပိုပြီး မိုးအကြီးအကျယ် ရွာသွန်းတာကြောင့် ပြီးခဲ့တဲ့သီတင်းပတ် အနည်းငယ်ကတည်းက ရေကြီးရေလျှံတာတွေ ဆက်တိုက် ဖြစ်နေတာပါ။

Nahreen လို့လည်း ခေါ်ကြတဲ့ Baghlan ဒေသတခုထဲမှာတင် သောကြာနေ့က ရေဘေးကြောင့် သေသုံးသူ ၁၅၀ ထက်မနည်း ရှိတယ်လို့ တာလီဘန်အစိုးရ အရာရှိတဦးက ပြောပါတယ်။ ရေဘေးဒဏ် အဆိုးရွားဆုံး ခံရတဲ့ Baghlan ဒေသအတွက် အကူအညီတွေကို ကယ်ဆယ်ရေးလုပ်သားတွေက သွားရောက် ပို့ပေးနေတယ်လိုလည်း အာဖဂန် အာဏာပိုင်တွေက ပြောပါတယ်။

ရေဘေးကြောင့် Badakhshan ၊ Ghor နဲ့ Herat ပြည်နယ် အပါအဝင် နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ပြည်နယ်တွေက နေရာအတော်များများမှာ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ တာလီဘန်အစိုးရ ပြောခွင့်ရ Zabihullah Mujahid က X လူမှုကွန်ရပ်ကတဆင့် ပြောဆိုပါတယ်။ WFP အဖွဲ့ကြီးကတော့ အသက်ရှင် ကျန်ရစ်သူတွေ အတွက် အာဟာရပြည့် ဘီစကွတ်မုန့်တွေ ဝေမျှပေးခဲ့ကြောင်း ပြောပါတယ်။

Forum

XS
SM
MD
LG