သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ငူခရိုင်မှာ ရေဘေးသင့်သူ ၁ သိန်းခွဲခန့် ရှိနိုင်ကြောင်း KNU ခန့်မှန်း


ရေကြီးရေလျှံနေသော ပဲခူးတိုင်း တောင်ငူခရိုင် (Photo: KNU)
ရေကြီးရေလျှံနေသော ပဲခူးတိုင်း တောင်ငူခရိုင် (Photo: KNU)

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ ပဲခူးတိုင်း တောင်ငူခရိုင်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၇၅) ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ဦး ရေဘေးဒဏ်သင့်ပြီး၊ စာသင်ကျောင်းတခု ပျက်စီးပြီးလူ ၇ ဦး သေဆုံးခဲ့တယ်လို့ ကေအန်ယူက စက်တင်ဘာလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ရာဂီ (Yagi) နောက်ဆက်တွဲ မိုးရွာသွန်းမှုကြောင့် ရေဘေးဒဏ် အကြီးအကျယ်ခံခဲ့ရပြီး၊ ရေဘေးဒုက္ခတွေ ကြုံနေရတဲ့အထဲမှာ ပဲခူးတိုင်း တောင်ငူခရိုင်မှာလည်း ရေဘေးဒဏ်ကို ဆိုးဆိုးဝါးကြုံခဲ့ရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ စက်တင်ဘာလ ၂၂ ရက်နေ့အထိ တပတ်ကျော်အတွင်းမှာ တောင်ငူခရိုင်မှာ ရေဘေးသင့်ပြည်သူ တသိန်းခွဲနီးပါးရှိပြီး လူ၇ ဦး သေဆုံးကာ ကျေးရွာပေါင်း ၇၅ ရွာ ရေနစ်မြှပ်ခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနေရာတွေမှာ စစ်ဘေးဒဏ်ကော ရေဘေးဒဏ်ပါ ကြုံတွေ့နေရပြီး လူဦးရေ သိန်းနဲ့ချီပြီး၊ ဒုက္ခတွေ ရောက်နေကြောင်းကိုလည်း ကရင်လူ့အခွင့်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက VOA ကို ပြောပါတယ်။

"စစ်ဘေးရှောင်တွေ ကြုံတွေ့နေရတဲ့ စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ နေရာတွေမှာ သဘာဘေးအန္တရယ်တွေလည်း ကြုံတွေ့နေရလေ့ရှိတဲ့ အခြေအနေလည်း ဖြစ်တာပေါ့။ ဒါကလည်း အခုမှ ဖြစ်တာမဟုတ်ဘူး။ ယခင် ရေဘေးတွေ ကြီးတုန်းကလည်း ရေဘေးသင့်တာမျိုး ဖြစ်တယ် သဘာဝ ဘေးအန္တရာယ်ကကျတော့ မိုးကြီးတဲ့အခါမှာလည်း သဘာဝဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရတာတွေလည်း ရှိတယ်။"

အဲဒီဒေသက ပြည်သူတွေအနေနဲ့ အဓီက အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ လယ်ယာစိုက်‌ပျိုးရေးလုပ်ငန်းခွင်တွေမှာ မိုးရွာသွန်းမူ့ စစ်တောင်းမြစ်ရေကြီးမူ့ ကြောင့် စစ်တောင်းအရှေ့ဘက်ခြမ်းမှာ ဧကပေါင်း ၂ သောင်းကျော် ပျက်စီးဆုံးရှုံခဲ့ပြီး၊ ကျွဲ ၊နွားများ အကောင်ရေ (၇၀) ကျော် အသေအပျောက်ရှိနေတာပါ။ ကေအဲန်ယူ-ဇရပ်ကြီးတောင်ခြမ်းအုပ် စုမှာလည်း လယ်ပျက်စီးမှု ဧကပေါင်း ၆၀၀၀ ကျော်နဲ့ ကျွဲနွား အသေပျောက် ၇၀ ကောင်ကျော် ရှိနေပါတယ်။

အချိန်မှီ ကယ်ဆယ်တာ မလုပ်နိုင်တာ မြစ်ရေ စိုးရိမ်ရေမှတ်ကျော် ထိုးတက်လာပြီး အိမ်ခေါင်မိုးတွေအထိ ရေနစ်မြှုပ်သွားတဲ့အတွက် လူ ၇ ဦး ​သေဆုံးတာတွေ ရှိခဲ့တယ်လို့လည်း ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG