သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ရေကြီးမှုကြောင့် မြန်မာ မှာ ၂ လ အတွင်း လူ ၃၁ ဦး သေဆုံး


ကရင်ပြည်နယ်မှာ ရေကြီးနေစဉ်
ကရင်ပြည်နယ်မှာ ရေကြီးနေစဉ်

မြန်မာနိုင်ငံအတွင်းက နေရာဒေသ အတော်များများမှာ မိုးသည်းထန်ပြီး ရေကြီး၊ ရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၃ သိန်းခွဲနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ မြန်မာအစိုးရက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း တိုင်းဒေသကြီး ၁၃ ခုမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဒေသခံ ၃ သိန်းခွဲနီးပါးကို ဘေးကင်းရာ ရွေ့ပြောင်းပေးခဲ့ရတယ်လို့ အမျိုးသား သဘာဝဘေးအန္တရယ် စီမံခန့်ခွဲရေးကော်မီတီက သတင်းထုတ်ပြန်ပါတယ်။

ရေကြီး ရေလျှံမှုတွေကြောင့် သေဆုံးသူ အနည်းဆုံး ၃၁ ဦးရှိခဲ့တဲ့အပြင် အဆောက်အဦးပေါင်း ၅ သိန်းနီးပါးလည်း ပျက်ဆီး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ရေဘေးသင့် ပြည်သူပေါင်း ၆ သောင်း၊ ၃ ထောင်နီးပါးကို ခုလှုံရေးစခန်း ၁၃၆ ခုမှာ စက်တင်ဘာလ ၂ ရက်နေ့အထိ ကြည့်ရှု စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

အခု ရေဘေးသင့် ပြည်သူတွေထဲမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဆွာဆည် ကျိုးပေါက်သွားတဲ့အတွက် ထွက်ပြေး တိမ်းရှောင်လာသူ ၅ သောင်းလောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဆွာဆည် ကျိုးသွားတဲ့အတွက် အနည်းဆုံး လူ ၇ ဦးလောက် သေဆုံးခဲ့ပြီး အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာပေါင်း ၈၅ ရွာလောက် ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်၊ ဘားအံမြို့က သံလွင်မြစ်ရေနဲ့ ပဲခူးတိုင်းဒေသကြီး၊ မဒေါက်မြို့နယ်အတွင်းက စစ်တောင်းမြစ်ရေတို့ဟာလည်း စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေကြောင်း ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG