သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ရေဘေးကြောင့် သေဆုံးသူ ၁၁၃ ဦး အထိတိုး


ရေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသော ပဲခူးတိုင်း တောင်ငူမြို့အတွင်း တနေရာ
ရေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသော ပဲခူးတိုင်း တောင်ငူမြို့အတွင်း တနေရာ

မြန်မာနိုင်ငံမှာ Yagi တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၀၀ ကျော်သွားပြီလို့ စစ်ကောင်စီက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

“နိုင်ငံတဝှမ်းလုံးမှာ သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရခဲ့သူ ၁၄ ဦး ရှိခဲ့ပြီး ပျောက်ဆုံးနေသူများကို ကြိုးစား ရှာဖွေလျက်ရှိပါတယ်။”

ရေကြီး၊ မြေပြိုမှုတွေကြောင့် နေအိမ် ၇၂၉၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၇၈၀၀၀ ကျော်၊ လူဦးရေအားဖြင့် ၃ သိန်း ၂ သောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။

သေဆုံး၊ ပျောက်ဆုံးသူတွေ တိုးလာနေချိန်မှာပဲ စေတနာ့ဝန်ထမ်းတွေ အရေးပေါ် ကယ်ဆယ်​ရေးလုပ်ငန်းတွေ ဆက်လုပ်နေကြရပါတယ်။ သေကျေထိခိုက်မှု ကိန်းဂဏန်းတွေ တိုးလာနိုင်တယ်လို့လည်း ကူညီကယ်ဆယ်နေသူတွေက ခန့်မှန်းနေကြတာပါ။ လမ်းတံတားတွေပျက်စီး၊ တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် သတင်းတွေလည်း အပြည့်အ၀မရနိုင်ဘဲ ဖြစ်နေပါတယ်။

ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးတွေ ရောက်မလာနိုင်တာကြောင့် ဘေးလွတ်ရာ သစ်ပင်တွေ၊ အိမ်အမြင့်နေရာတွေမှာ ရက်နဲ့ချီ နေထိုင်ကြရသူတွေလည်း ရှိတယ်လို့ ကူညီကယ်ဆယ်သူတွေက ပြောပါတယ်။ နိုင်ငံအနှံ့က မြစ်တွေမှာလည်း စိုးရိမ်ရေမှတ်အထိ ရောက်နေတာကြောင့် သတိပေးထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် နောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့လူပေါင်းသိန်းနဲ့ချီ နေရပ်စွန့်ခွာနေရချိန်မှာ ကပ်ဘေးဒဏ်နဲ့ ထပ်မံရင်ဆိုင်နေကြရတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ကစ ဒေသတွင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Yagi တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာ၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေမှာ သေဆုံးသူ စုစုပေါင်း ၃၅၀ လောက် ရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG