သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရေဘေးသင့်ပြည်သူတွေကို မြောက်ပိုင်းလက်နက်ကိုင်တွေကူညီမည်


ရေဘေးသင့်ပြည်သူများ

တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားတဲ့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီက မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ ပြင်ဆင်နေပြီး အလှူငွေကို ငြိမ်းချမ်းရေးကော်မရှင်ကတဆင့်ပေးပို့ဖို့ ရှိနေပါတယ်။ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေက အခုလို ကူညီတာဟာ ရေဘေးသင့် ပြည်သူတွေနဲ့ တသားတည်း ရှိတယ်ဆိုတာ ပြသဖို့ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း အစီအစဉ်ရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။

တရုတ်မြန်မာနယ်စပ်အခြေစိုက် ၀၊ မိုင်းလား၊ ကချင်၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၊ တအာင်း(ပလောင်)၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့ပူးပေါင်းဖွဲ့စည်းထားတဲ့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ အတွင်းရေးမှုးအဖွဲ့က သူတို့ အဖွဲ့ဝင်တွေကို လက်ရှိ ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို ကူညီဖို့အတွက် ဒီလ ၃ရက်နေ့က တိုက်တွန်းခဲ့သလို ဘယ်လိုကူညီမလဲဆိုတာကိုလည်း ဆိုတာကို အဖွဲ့အစည်းတွေကြားထဲမှာ သဘောထား ကောက်ယူခဲ့ပါတယ်။

လတ်တလောရရှိတဲ့ ပြန်ကြားချက်အရ အဖွဲ့ဝင် အဖွဲ့အစည်းတွေက တစ်ဖွဲ့ချင်းအလိုက်ကူညီဖို့ထက်FPNCC အဖြစ် ပူးပေါင်းကူညီဖို့ သဘောထားပေးထားတယ်လို့ UWSA ခေါ် ၀တပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံးက ဒု တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။

“ ကျနော်တို့ FPNCC အနေနဲ့ပဲ သွားပါမယ်နော်။ ကျနော်တို့ သဘောတူညီထားပါတယ်။ ကျနော်တို့ ဒီ FPNCC အနေနဲ့ ပေးလှုဖို့ပေါ့။ အားလုံးနီးနီးလိုမျိုး ကျနော်တို့ အလှုငွေတွေ ကောက်ခံရရှိပြီးမှ ကျနော်တို့ ဒီ ပေးလှုဖို့ စီစဉ်နေပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင်ကို အပ်ဖို့ စီစဉ်နေပါတယ်။ ကျနော်တို့ တိုင်ပင်နေတုံးပါပဲ နေရာ၊ အချိန်။ ”

ဒီလို ပေးလှူရတာ နဲ့ ပတ်သက်လို့လည်း ဦးညီရန်းက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားအချင်းချင်း ကျနော်တို့ ဒုက္ခရောက်နေတဲ့ ကျနော်တို့ ပြည်သူတွေအတွက် ဒီလိုမျိုး ၀ိုင်းဝန်းပြီးမှ မေတ္တာပြတဲ့ သဘောမျိုး၊ ကျနော်တို့ ရေဘေးသင့်တဲ့ပြည်သူတွေနဲ့အတူ ကျနော်တို့ တထပ်တည်းရှိနေတယ်ဆိုတဲ့အကြောင်း ပြသလိုတဲ့သဘောမျိုးပါပဲနော်။ ”

FPNCCအတွင်းရေးမှုးအဖွဲ့က သဘောထားကောက်ယူရာမှာ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးအပြီး FPNCC နဲ့ အစိုးရ၊ တပ်မတော်တို့ အကြား ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့ဆက်ဖို့အတွက် အရေးကြီးတဲ့အချိန်ကို ရောက်ရှိနေကြောင်းနဲ့ သဘောထားကွဲတာနဲ့ ရန်ငြိုးတွေကို ခေတ္တဘေးဖယ်ပြီး မျိုးချစ်စိတ်နဲ့အတူ ကူညီဖို့ တိုက်တွန်းခဲ့ပါတယ်။

FPNCC မှာ ပါဝင်တဲ့ PSLF/TNLA ခေါ် တအာင်း(ပလောင်) တပ်ဖွဲ့နဲ့ကတော့ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးအပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တွေ့ဆုံဆွေးနွေးမယ့် ရက်ကိုလည်း အတိအကျမသိရသေးကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်က ပြောပါတယ်။

“ ဒီ ၂၁ရာစုပင်လုံ ကျင်းပပြီးနောက်ပိုင်း ဒီလ ၁၉ရက်နေ့အထိကတော့ ၁၅ကြိမ်လောက်ရှိတယ်။ တိုက်ပွဲဖြစ်တာ။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အလားအလာကတော့ ဟိုဘက်က မတွေ့ဖြစ်သေးဘူးဆို အကြောင်းပြန်လာတယ်။ ဘယ်နေ့ ဘယ်ရက်ပြန်တွေ့မယ်လို့လည်း မပြောဘူး။ ပြန်ပြီးဆက်သွယ်လာ တာလည်း မရှိသေးဘူး။”

ဒီလ ၁၁ရက်နေ့မှာ တခြား တအာင်း(ပလောင်)၊ ကိုးကန့်၊ AA နဲ့ ဆွေးနွေးဖို့ ညှိနှိုင်းခဲ့တာတွေ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ရက်ပြန်လည်ရွှေ့ဆိုင်းထားပါတယ်။ ၂၁ရာစုပင်လုံ တတိယဆွေးနွေးပွဲအပြီးမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရ၊ တပ်မတော်တို့ သီးခြားတွေ့ဆုံခဲ့ပေမဲ့ တပ်မတော်နဲ့ ဆွေးနွေးပွဲကတော့ မအောင်မြင်ခဲ့ပါဘူး။

FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီကို အစိုးရနဲ့ တပ်မတော်က အသိအမှတ်ပြု ထား တာမရှိပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေက FPNCC အနေနဲ့ ဆွေးနွေးဖို့ တောင်းဆိုထားပေမဲ့ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ သီးခြားစီ ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG