သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေး ကယ်ဆယ်ရေး မထိရောက်


စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ရခိုင်ပြည်နယ်က ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေ ထိရောက်အောင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က ရေဘေး ဒုက္ခသည်တွေ အတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးတွေကို အမြန်ဆုံးပြင်ဆင် ဆောင်ရွက်ပေး ဖို့ ရခိုင်ပြည်နယ်လွှတ်တော်အမတ်တဦးက တိုက်တွန်းလိုက်ပါတယ်။
ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင်း ကျောက်တော်၊ မင်းပြားနဲ့ မြေပုံမြို့နယ် တို့မှာ ရေဘေးဒဏ် ဆိုးဆိုးရွားရွားကြုံတွေ့နေရပြီး အခုချိန်ထိ အရေးပေါ် ကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ကျောက်တော်မြို့နယ်တဝိုက် ရွာတွေမှာ ရေတွေ နစ်မြှုပ်ခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ ရတယ်လို့ ကျောက်တော်ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။

"ကယ်ဆယ်ရေးလုပ်နေတာတွေ ဘယ်သူမှ လာပေးနေတာ မရှိဘူး။ အခုက ဘယ်လိုမျိုး လုပ်နေရလဲဆိုရင် ကိုယ့်အမျိုးအဆွေတွေရှိတယ်။ ကိုယ့်လူမျိုးတွေကို ကိုယ်သွားပြီးတော့ ကိုယ့်အမျိုးတွေကို ကိုယ် သွားပြီးတော့ လောင်းလှေနဲ့ ကယ်နေကြတာပဲရှိတယ်။ "

ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ရေလွှမ်းမိုးမှုကြောင့် အသေအပျောက်ဦးရေ အတော်များမယ်လို့ ခန့်မှန်းကြောင်း စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က ဗွီအိုအေကိုပြောပါတယ်။

"အသေအပျောက်ကတော့ ပြောရမယ်ဆိုရင်တော့ တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်မယ်။ ဟိုက သတင်းပို့တဲ့အပိုင်းက အကုန်လုံးက ကြားရတဲ့ သတင်းတွေကတော့ တရွာလုံးလိုလို ပျောက်သွားတယ်။ အိမ်ခြေနှစ်ဆယ်လောက် ရှိတဲ့ရွာတွေဆို တရွာလုံးလိုလို ပျောက်သွားတဲ့ သဘောမျိုး ရှိနေတယ်။ တော်တော့် ကို ဆိုးဆိုးရွားရွား သေဆုံးမှု ပိုင်းတွေ ဖြစ်လာမယ်လို့ ကျေျနာ်တို့ ခန့်မှန်းနေကြတာပေါ့။ "

ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်လည်း အခက်အခဲတွေရှိနေသလို ပြည်နယ်နဲ့ ဗဟိုအစိုးရဘက်ကလည်း ထိရောက်တဲ့ အကူအညီတွေပေးဖို့ လိုအပ်နေတယ်လို့ ဦးအောင်မြကျော်ကပြောပါတယ်။

" ပြောမယ်ဆိုရင် ဘယ်လိုမှ ဒီဘက်က ရိက္ခာတွေပို့ဖို့အတွက်က အရမ်းကို ခက်ခဲတဲ့သဘောမျိုးပေါ့။ ဟယ်လီကော်ပတာနဲ့ သွားချနိုင်မှ ရမယ့် အနေအထား။ ကျနော်တို့ အခု ဒီမှာ စုဖွဲ့ပြီးရင် မနက်ပိုင်း ပစ္စည်းတွေ သွားပေးဖို့မှာ လမ်းတဝက်လောက်ပဲ ရောက်တယ်။ အဲ့ဒီ့နေရာကို ဘယ်လိုသွားရမယ်ဆိုတာကို တထောက်နားပြီးမှ အဲ့ဒီ့ကတဆင့် ဘယ်လိုပို့ရမယ်ဆိုတာကို ကျနော်တို့ စီစဉ်ဆောင်ရွက်နေကြတာပါ။

မနေ့ကတော့ ကျနော်တို့ ဒီမှာရှိတဲ့အစိုးရအဖွဲ့နဲ့ သွားဆွေးနွေးပြီးတော့ သူတို့က ဟိုက်စကီး ဟယ်လီကော်ပတာနဲ့ သွားပြီးပို့ပေးမယ် အဲ့လိုမျိုး ပုံစံတော့ ပြောတာပေါ့။ အရေးပေါ် မြို့နယ်အနေနဲ့ အဲ့လိုမျိုး ကြေညာတာအပြင် အဓိက လက်တွေ့ဆန်တဲ့ပြင်ဆင်မှုပိုင်းကို ချက်ခြင်းလုပ်ဖို့ လိုအပ်မယ်လို့ ကျေျနာ့်အနေနဲ့ အဲ့လိုမြင်ပြီး တိုက်တွန်းလိုပါတယ်။ "

အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ရေဘေးအခြေအနေဆိုးရွားနေပြီး ကလေးမြို့နားတဝိုက် ရွာတွေအကုန် နစ်မြှုပ်ကုန် တာကြောင့် ဒေသခံတွေ ရေဘေး လွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေရပါတယ်။ ဒီအခြေအနေကိုတော့ ကလေးမြို့ကိုရောက်နေတဲ့ Frontier မြန်မာဂျာနယ်က နိုင်ငံရေးသတင်းထောက် ကိုမြတ်ကျော်သူက အခုလို ဗွီအိုအေကိုပြောပါတယ်။

"ပတ်ပတ်လည် ဒီ အနောက်ဘက်မဟုတ်တဲ့ အရှေ့ရယ် တောင်ရယ် မြောက်ရယ် ပတ်ပတ်လည်က ရွာတွေ အကုန်လုံးက အကုန်လုံးမြှုပ်ပြီးမှ သူတို့ဘာသာ သူတို့ လှေတွေနဲ့ လာကြတယ်။ တချို့ကတော့ ရေဗူးတွေ သံဗုံးတွေကို ဖောင် လုပ်ပြီး စီးလာကြတယ်ခင်ဗျ။ အဲ့ဒီ့က လာတဲ့သူအကုန်လုံးကို တချို့ နာရေးကူညီမှုအသင်းက ကားတွေနဲ့ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ လိုက်ထားကြတယ်ခင်ဗျ။ တော်တော်များများကတော့ ကျေးရွာတွေမှာ ကျနော် မေးရသလောက်တော့ ရွာတွေမှာ လူတွေ သိပ်မရှိတော့ဘူး။ တချို့ရွာတွေမှာတော့ အိမ်ကို မစွန့်ချင်လို့ သက်ကြီးရွယ်အိုတွေ တော့ ကျန်ခဲ့သေးတယ်လို့ပြောတယ်ခင်ဗျ။

မြို့ပေါ်မှာ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ လူတွေအကုန်လုံးပြည့်နေလို့ အခုဆိုရင် တောကျောင်းဖြစ်တဲ့ တောင်ဖီလာဆိုတဲ့ ကျောင်းထဲမှာတောင် သွားပြီးတော့ ထားနေရတယ်။ ကယ်ဆယ်ရေးလုပ်တာတော့ အာဏာပိုင်တွေဘက်က မတွေ့ဘူးခင်ဗျ။ သူတို့ကို အများဆုံးတွေ့ရတာ ဒုက္ခသည်စခန်းမှာ သူတို့ပစ္စည်းတွေ ဝေပေးနေတာတွေ့ရပါတယ်။"

ကလေးမြို့နယ်မှာ အဆိုးရွားဆုံးရေလွှမ်းမိုးမှု အဆင့်ရောက်မယ့်အခြေအနေကို အစိုးရဘက်က ကြိုတင်ကြေညာခြင်း မရှိခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ ကြိုတင်ပြင်ဆင်နိုင်ခြင်း မရှိခဲ့ဘူးလို့ ကိုမြတ်ကျော်သူကပြောပါတယ်။

ကလေးမြို့နားက ရာဇဂြိုလ် ရေလောင်တမံ ကျိုးပေါက်မှုမရှိ၊ တမံကြံ့ခိုင်မှုနှင့် ပက်သတ်ပြီးတော့ စိုးရိမ်စရာ မရှိဘူးလို့ အစိုးရက ထုတ်ပြန်ခဲ့ပေ မယ့် ရေလောင်ကန်ရဲ့ ရေအမြင့်ဟာ စိုးရိမ်ရေအမှတ်ကျော်နေပြီလို့ ကိုမြတ်ကျော်သူကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရေဘေးဒဏ်သင့်တဲ့ လူဦးရေ စုစုပေါင်း ခြောက်သောင်းနဲ့ တစ်သိန်းကျော်ကြား ရှိမယ်လို့ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဌာနက ခန့်မှန်းထားပြီး ဇူလိုင်လ အတွင်း သေဆုံးသူ ဦးရေ (၂၁)ဦးလောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီအတော အတွင်းမှာပဲ သဘာဝဘေးအန္တရာယ်ကနေ ပြည်သူတွေကို ကြိုတင် ကာကွယ်ပေးနိုင်ရေး မြန်မာ အစိုးရအနေနဲ့ စီမံဆောင်ရွက်လုပ်ကိုင်ရာမှာ လိုအပ်ချက်တွေရှိနေတယ်လို့ မိုးလေဝသပညာရှင်တွေ တချို့က ထောက်ပြဝေဖန်ထားပါတယ်။

XS
SM
MD
LG