သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Florence ဟာရီကိန်းကြောင့် မြောက်ကိုရိုလိုင်းနားမှာ ၄ ဦးသေဆုံး


Hurricane Florence
Hurricane Florence

အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ် ကမ်းရိုးတန်းကို သောကြာနေ့က Florence ဟာရီကိန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်တာကြောင့် လေပြင်းတိုက်၊ မိုးကြီးရွာ၊ ကြီးမား တဲ့ ရေလှိုင်းလုံးတွေဖြစ်ပေါ်ပြီး သေဆုံးသူ လေးဦးထက် မနည်းရှိသွားပါပြီ။

Wilmington မြို့မှာ အိမ်တလုံးပေါ် သစ်ပင်ကျိုးကျတာကြောင့် မိခင်နဲ့ ကလေးငယ်တဦးတို့ သေဆုံး တယ်လို့ ရဲတပ်ဖွဲ့က ပြောပါ တယ်။ Pender ခရိုင်က နောက်အမျိုးသမီးတဦးကတော့ အရေးပေါ် ကယ်ဆယ်ရေးဌာနကို ဖုန်းဆက်ခေါ်ပေမဲ့ သစ်ပင်တွေ ပြိုလဲ ကျနေတဲ့အတွက် ဆေးဘက် ဝန်ထမ်းတွေ အရောက်မသွားနိုင်တာကြောင့် နှလုံးရောဂါဖောက်ပြီး သေဆုံးတာပါ။ လေးယောက် မြောက်လူဟာ မီးစက်နှိုးရင်း သေဆုံးသွားတာလို့ မြောက်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးရုံး က ပြောပါတယ်။

မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ အပူပိုင်းမုန်တိုင်းအဆင့်နဲ့ အားပျော့သွားပြီး မြောက်ကာရိုလိုင်းနား ပြည်နယ် အရှေ့တောင်ပိုင်းမှာ လေတိုက်နှုန်း တနာရီ ၆၉ မိုင်လောက်နှုန်းနဲ့ ကုန်းတွင်းပိုင်းကို ဖြည်းဖြည်းချင်း ဝင်ရောက်နေတယ်လို့ အမေရိကန်ဟာရီကိန်းဌာနက ပြောပါတယ်။ အဲဒီ လမ်း ကြောင်းအတိုင်း မုန်တိုင်းဆက်ရွေ့သွားမယ်လို့ ခန့်မှန်းထားပြီး တောင်ကာရိုလိုင်းနားပြည်နယ်ကို သောကြာညနဲ့ စနေနေ့မှာ စပြီး ဝင်ရောက် တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

မိုးလေဝသခန့််မှန်းသူတွေနဲ့ တာဝန်ရှိသူတွေ စိုးရိမ်ကြတာက မုန်တိုင်းရဲ့ ပြင်းအားမဟုတ်တော့ဘဲ ရွေ့လျားတဲ့ပုံဖြစ်ပါတယ်။ ကုန်းတွင်းပိုင်းကို တနာရီ ၆ မိုင်ခရီးနှုန်းနဲ့ ဝင်နေတာကြောင့် လေပြင်း တိုက် မိုးပြင်းရွာတဲ့အချိန် ပိုများပြီး ကုန်းတွင်းမှာ ကြီးမားတဲ့ ရေထုထည်ပမာဏ ဖြစ်လာဖို့ရှိနေတာပါ။

ရေတက်လာတဲ့အတွက် မြောက်ကာရိုလိုင်းနားက လူ ရာပေါင်းများစွာကို ရွှေ့ပြောင်း ကယ်ထုတ် ပေးထားပါတယ်။ Craven ခရိုင် က သမိုင်းဝင် New Bern မြို့မှာ အိမ်တွေထဲ ရေဝင်တာကြောင့် လာကယ်ဖို့ ဖုန်းဆက်အကြောင်းကြားတာ အရေအတွက် ၁၅၀ ကျော်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG