ကာရစ်ဘီယန်ပင်လယ်ထဲမှာ အပူပိုင်းမုန်တိုင်း Ian ဟာ အားကောင်းလာနေပြီး လာမယ့်ရက်တွေအတွင်း အင်အားပြင် ဟာရီကိန်းမုန်တိုင်းအဖြစ် ပြောင်းလဲလာနိုင်တာကြောင့် ဖလော်ရီဒါပြည်နယ်တခုလုံးကို အရေးပေါ်အခြေအနေအဖြစ် ပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis က ကြေငြာလိုက်ပါတယ်။ ကနဦးမှာတုန်းက ခရိုင် နှစ်ဒါဇင်လောက်ကိုပဲ အရေးပေါ်အခြေအနေ ထုတ်ခဲ့ပေမယ့် မနေ့စနေနေ့ကတော့ ပြည်နယ်တခုလုံးကို ကြေငြာခဲ့တာ ဖြစ်ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ကလည်း ဖလော်ရီပြည်နယ်ကို အရေးပေါ်အခြေအနေအဖြစ် ကြေငြာလိုက်ပြီး၊ အမိမြေလုံခြုံရေးဌာန၊ ပြည်ထောင်စုအရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီတို့ကိုလည်း မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အကူအညီပေးရေး အစီအစဉ်တွေကို လုပ်ဆောင်ကြဖို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ဖလော်ရီပြည်နယ်ကို စက်တင်ဘာ ၂၇ ရက်နေ့မှာ သွားဖို့လုပ်ထားတဲ့ အစီအစဉ်ကိုလည်း မုန်တိုင်းကြောင့် ဖျက်လိုက်ပါတယ်။
ဖလော်ရီအုပ်ချုပ်ရေးမှူးကတော့ ပြည်နယ်တွင်းမှာ နေထိုင်တဲ့သူတွေကို မုန်တိုင်းအတွက် ပြင်ဆင်ထားကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။ ဒီမုန်တိုင်းကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို စောင့်ကြည့်နေဖို့ ပြည်နယ်နဲ့ ခရိုင်အစိုးရတာဝန်ရှိသူတွေအားလုံးကို ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး DeSantis က ပြောပါတယ်။
Ian မုန်တိုင်းဟာ ဒီနေ့တနင်္ဂနွေနေ့မှာ အလျင်အမြန်အားကောင်းလာပြီးတော့ ဟာရီကိန်းမုန်တိုင်းအဖြစ် ပြောင်းလဲလာပြီး၊ တနင်္လာနေ့နှောင်းပိုင်းမှာတော့ ကြီးမားတဲ့ ဟာရီကိန်းမုန်တိုင်းအထိ ဖြစ်လာမယ်လို့ အမျိုးသားဟာရီကိန်း လေ့လာစောင့်ကြည့်ရေးဌာနက ပြောပါတယ်။
ဒီမုန်တိုင်းဟာ အခုလာမယ့်သီတင်းပတ်အလယ်လောက်မှာ ဖလော်ရီဒါကို ဝင်မယ်လို့ခန့်မှန်းနေကြပြီး၊ အဲဒီမတိုင်ခင်မှာတော့ ကျူးဘားနိုင်ငံ အနောက်ပိုင်းကိုဝင်ရောက်တိုက်ခတ်မှာဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။
=== Unicode ====