သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလော်ရီဒါပစ်ခတ်မှု လူ ၅၀ ထက်မနည်း သေဆုံး


အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုးမြို့က ည ကပွဲရုံတခုမှာ လူ ၅၀ သေဆုံးခဲ့ရတဲ့ တနင်္ဂနွေနေ့မနက်ပိုင်းက ပစ်ခတ်ခဲ့သူဟာ အာဖဂန်နွယ်ဖွား အမေရိကန်နိုင်ငံသား Omar Saddiqui Mateen ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

Gay လို့ခေါ်တဲ့ လိင်တူချစ်သူတွေ သွားကြတဲ့ Pulse Nightclub ညကပွဲရုံ ပစ်ခတ်မှုအတွင်း နောက်ထပ် လူ ၅၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အခု ပစ်ခတ်တိုက်ခိုက်မှုဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အဆိုးရွားဆုံး လူစုလူဝေးလိုက် သေဆုံးစေတဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ ယုံကြည်ရပြီး အကြမ်းဖက်ဝါဒ စွဲကိုင် တိုက်ခိုက်မှုအဖြစ် စုံစမ်းစစ်ဆေးနေတယ်လို့ လည်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI အရာရှိတဦးက ပြောပါတယ်။

FBI ပြောခွင့်ရ Ron Hooper ကတော့ အခုပစ်ခတ်မှုကို အကြမ်းဖက်ဝါဒ စွဲကိုင် တိုက်ခိုက်မှုလား၊ အမုန်းတရား အခြေခံ တိုက်ခိုက်မှုလားဆိုတာကို တိတိကျကျသတ်မှတ်ဖို့ စောသေးတယ်လို့ ပြောပါတယ်။ အချက်အလက် အားလုံးကို စုံစမ်းစစ်ဆေးပြီးချိန်မှာ ဆုံးဖြတ်ချက် ထွက်ပေါ်လာမယ်လို့လည်း FBI ပြောခွင့်ရက ပြောပါတယ်။

အခု ပစ်ခတ်တိုက်ခိုက်မှုက အော်လန်းဒိုးမြို့အတွက်သာမကဘဲ တနိုင်ငံလုံး အတွက် ဝမ်းနည်း ကျေကွဲဖွယ်ရာ အဖြစ်ဆိုးကြီး ဖြစ်တယ်လို့လည်း အော်လန်းဒိုး ရဲချုပ်က ပြောပါတယ်။

သမ္မတ Barack Obama ထံကိုလည်း အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး နဲ့ ပြည်ထဲရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က အခြေအနေကို တင်ပြထားပြီးဖြစ်တယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြပါတယ်။

XS
SM
MD
LG