အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် အော်လန်းဒိုးမြို့က ညကပွဲရုံ ပစ်ခတ်မှု အတွင်း ခန့်မှန်းခြေ လူ ၅၀ ထက်မနည်း သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို အကြမ်းဖက်ဝါဒ စွဲကိုင် တိုက်ခိုက်မှုတခုအဖြစ် စုံစမ်းစစ်ဆေးနေတဲ့ အကြောင်းလည်း အာဏာပိုင်တို့က ပြောပါတယ်။ Gay လို့ ခေါ်တဲ့ လိင်တူ ချစ်သူတွေ သွားတဲ့ Pulse Nightclub ညကပွဲရုံမှာ တနင်္ဂနွေနေ့ မနက်အစောပိုင်း ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။
ရဲတွေရဲ့အဆိုအရ ရိုင်ဖယ် သေနတ်တလက်၊ ခြောက်လုံးပြူး သေနတ်တလက် ကိုင်ထား တဲ့ သေနတ်သမားကတော့ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီး ကပွဲရုံအတွင်းမှာ ပဲ သေဆုံးခဲ့ပါတယ်။