သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်ကို ပြင်းအား ၄ အဆင့်နဲ့ ဦးတည်လာနေတဲ့ မက်သယူး ဟာရီကိန်းမုန်တိုင်း ကြောင့် ဒေသခံမြန်မာတချို့အပါအ၀င် အခြားဒေသခံတွေ ဘေးလွတ်ရာ ကိုပြောင်းရွှေ့နေကြသလို ကြီးမားတဲ့ မုန်တိုင်း ဘေးအန္တရာယ်ကို ကာကွယ်နိုင်ဖို့လည်း လူအများအပြား ကြိုတင်ပြင်ဆင်နေကြပါတယ်။

လက်ရှိအခြေအနေမှာ ဖလော်ရီဒါပြည်နယ်တခုလုံးကို အရေးပေါ်အခြေအနေအဖြစ် သမ္မတ အိုဘားမား ကိုယ်တိုင် မနေ့ကကြေညာလိုက်ပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း အသင့်တပ်လှန့် ထားပါတယ်။ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။

အမေရိကန်ပြည်ထောင်စုမှာ (၁၀)နှစ်အတွင်း အဆိုးရွားဆုံးဖြစ်မယ့် မက်သယူး ဟာရီကိန်းမုန်တိုင်း ဘေးအန္တရာယ်နဲ့ပတ်သက်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အသင့်ပြင်ထားကြောင်း သမ္မတအိုဘားမားက မနေ့က အိမ်ဖြူတော်မှာကျင်းပတဲ့ ဖယ်ဒရယ် အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့နဲ့ အစည်းအဝေးအပြီးမှာ ကြေညာခဲ့ပါတယ်။

လေပြင်းအားဟာ တနာရီကို မိုင်(၁၄၀) နီးပါးရှိမယ်လို့ အမေရိကန် မိုးလေ၀သပညာရှင်တွေက ခန့်မှန်းထားတဲ့အတွက် မုန်တိုင်း တိုက်ရိုက်ကျရောက်မယ့် နေရာပဲဖြစ်ဖြစ်၊ အနီးအနားဒေသတွေကပဲဖြစ်ဖြစ် ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ မုန်တိုင်းမလာခင် မနေ့မနက်ပိုင်းအချိန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ်အုပ်ချုပ်ရေးမှူး Rick Scott ကလည်း အလေးအနက် သတိပေးပြောဆိုထားပါတယ်။

အတ္တလန်တိတ် သမုဒ္ဒရာက ဗာဟားမားကျွန်းစုကို မနေ့က ဖြတ်သန်းတိုက်ခိုက်လာတဲ့ မက်သယူး ဟာရီကိန်းမုန်တိုင်းဟာ အခု အသံမလွှင့်ခင် ဒေသစံတော်ချိန် ညနေ (၆)နာရီလောက်မှာ ဖလော်ရီဒါပြည်နယ်အထက်ပိုင်းက ကမ်းခြေတချို့ဆီကို ၀င်ရောက်လာနေပါတယ်။

မုန်တိုင်း တိုက်ရိုက်ထိနိုင်မယ်လို့ ခန့်မှန်းထားတဲ့ West Palm ကမ်းခြေဒေသတ၀ိုက်မှာ ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့ကြတဲ့အထဲ အဲဒီမှာရှိနေတဲ့ သီတဂူသံဃ ၀ီဟာရ ကျောင်းတိုက်က ဦးဇင်းနှစ်ပါးလဲပါဝင်ပါတယ်။ မိုင် (၁၀၀) ကျော်ဝေးပြီး ကုန်တွင်းပိုင်းကျတဲ့ မြန်မာဘုန်းကြီးကျောင်း တကျောင်းကို မုန်တိုင်းမလာခင် မနက်အစောပိုင်းကတည်းက သူတို့ ရွှေ့ပြောင်းခဲ့ကြောင်း ကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရိ က အခုလို ဗွီအိုအေကို မိန့်ကြားပါတယ်။

“ဘုန်းဘုန်းတို့နေတာကတော့ West Palm beach ဆိုတဲ့ မြို့မှာနေတာ။ အဲဒီပိုင်းကနေပြီးတော့ အထက်ပိုင်းကိုပေါ့လေ အတော်လေးကို ပြင်းပြ င်းထန်ထန်တိုက်ခိုက်မယ်ဆိုတော့ ဘုန်းဘုန်းတို့ အဲဒါနဲ့ မနေ့ကတည်းက ကျောင်းတွေကို အထပ်သားတွေနဲ့ မှန်တံခါးတွေ လုံအောင် လှည့်ပတ်ကာရိုက် အဲဒီလို လုပ်ပြီးတော့ အကုန်လုံး လိုအပ်တဲ့ ပစ္စည်းလေးတွေ ထည့်ပိုးပြီးတော့ ဘုန်းဘုန်းတို့က အခုမနက်ခင်းစောစောပဲ ထွက်လာခဲ့လိုက်တယ်။ Lakeland ဆိုတဲ့မြို့ကို ဘုန်းဘုန်းတို့လာတယ်ပေါ့။ Lakeland ဆိုတဲ့မြို့က အော်လန်ဒို ရဲ့အနောက်ဘက်နားမှာပေါ့ သူကအတွင်းပိုင်း ကျတဲ့ အခါတော့ နည်းနည်းသက်သာမယ်ပေါ့နော်။”

West Palm မြို့နဲ့ မိုင် (၂၀)ကျော်အဝေးမှာရှိနေတဲ့ Royal Palm Beach ရပ်ကွက်မှာနေထိုင်တဲ့ အဆိုတော် မေမြတ်နိုးခင်ကတော့ သူ့ခင်ပွန်းသည်နဲ့အတူ နေအိမ်မှာ မုန်တိုင်းဒဏ်ကာကွယ်နိုင်အောင် ပြင်ဆင်ထားတဲ့ နောက်ဆုံးအခြေအနေကို အခုလို ဗွီအိုအေကို ပြောပါတယ်။

“မုန်တိုင်းဒဏ်တွေအတွက် တချို့အိမ်တွေက ဟာရီကိန်း shutter တွေက ရှိပြီးသားတွေ များတယ် တချို့တော့ မရှိဘူး။ မရှိပေမယ့် ညီမလေးတို့အိမ်တွေဆို မရှိဘူးပေါ့နော်။ မရှိတော့ ဘာလုပ်ရသလဲဆိုတော့ Home depot လိုစတိုးတွေကို သွားပြီးတော့ hurricane shutters တွေဝယ်ရတယ်။ hurricane shutters မရှိရင် ၃ ထပ်သားပြား အကြီးတွေရှိတယ်။ အဲဒါတွေကို ၀ယ် ၊ နံရံတွေဖောက်ပြီးတော့ ဖာရတယ် ပြတင်းပေါက်တွေကို ။ အထူးသဖြင့် ပြတင်းပေါက်ကို အဓိက ကာသလဲဆိုတော့ လေက အရမ်းတိုက်တဲ့အခါကျရင် ဘေးနားမှာရှိ ပစ္စည်းတွေက ကိုယ့်မှန်ကို လာကွဲပြီးတော့ အိမ်ကပစ္စည်းတွေ ထိမှာရော၊ လူထိမှာရော အဲဒါကြောင့် ကာကြတယ်၊ အခုလောလောဆယ် ညီမလေးနဲ့ ညီမလေးအမျိုးသားကတော့ safety room လို့ခေါ်တဲ့နေရာမှာနေတယ်။”

ဖလော်ရီဒါပြည်နယ် တောင်ပိုင်းကျတဲ့ မိုင်ယာမီမြို့မှာနေထိုင်တဲ့ ဆူရှီလုပ်ငန်းရှင် မဟန်စုယဉ်က လည်း နောက်ဆုံးအခြေအနေတွေကို အခုလိုပြောပါတယ်။

“အကုန်လုံးကတော့ အခုဆိုင်လုပ်တဲ့ ဆူရှီသမားတွေဆိုရင်တော့ ဒီဘက်ဆိုင်မှာရှိတဲ့ grocery market တွေကတော့ ၁၂ နာရီကတည်းက ပိတ်ကုန်ပြီ ။ တခြားအပြင် စားသောက်ဆိုင်တွေ၊ ဆိုင်တွေ၊ Mall တွေကတော့ အားလုံးဒီနေ့ပိတ်တယ်။ကျောင်းတွေကတော့ ဒီနေ့ကတည်းက စပိတ်လိုက်ပြီးတော့ ၊ ကျောင်းကတော့ မနေ့ နေ့လည် ၁ နာရီလောက်ကတည်းက ကလေးတွေကို ပြန်လွှတ်လိုက်ပြီလေ။ ပြီးတော့ သူတို့ ဒီဘက်တွေရော ၊ ဒီ Thursday ၊ Friday ရော ၂ ရက်စလုံး ကျောင်းတွေ အကုန်ပိတ်ပါတယ်။”

မက်သယူး ဟာရီကိန်းမုန်တိုင်းဟာ ဒေသစံတော်ချိန် ညပိုင်းမှာ ပိုပြီးဆိုးလာမယ့်အခြေအနေရှိတယ်လို့ National Hurricane Center က ကြေညာထားပါတယ်။ အနီးအနားပြည်နယ်တွေဖြစ်တဲ့ ဂျော်ဂျီယာ၊ တောင်နဲ့ မြောက် ကယ်ရိုလိုင်းနား ပြည်နယ်တွေကိုလည်း မုန်တိုင်းဒဏ် ရိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

XS
SM
MD
LG