မြန်မာနှစ်သစ်အခါသမယမှာ အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေရဲ့ သင်္ကြန်ပွဲတော်ကို တနင်္ဂနွေနေ့က ဖလော်ရီဒါပြည်နယ် Okeechobee မြို့မှာ စည်စည်ကားကားကျင်းပခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။
ရေမြေခြားတိုင်းတပါးရောက်နေကြပေမယ့် အမေရိကန်ပြည်ထောင်စု ပြည်နယ်တဝှမ်းမှာရှိတဲ့ မြန်မာတွေကတော့ သင်္ကြန်ပွဲတော်ရိုးရာ အစဉ်အလာမပြတ်အသီးသီးကျင်းပခဲ့ကြပါတယ်။ အဲဒီထဲမှာ ဖလော်ရေဒါပြည်နယ်က ထူးခြားပါတယ်။ မြန်မာ့ရာသီဥတုနီးပါးအတိုင်း ရှိနေတဲ့အတွက် မြန်မာပြည်က သင်္ကြန်အတိုင်း ရေပက်မဏ္ဍပ်တွေ ထိုးပြီး ရေပက်ကစားခဲ့ကြပါတယ်။
မြန်မာ-အမေရိကန် မျိုးဆက်ကလေးတွေကို ရိုးရာဓလေ့ထုံးတမ်း လက်ဆင့်ကမ်းတဲ့ ရည်ရွယ်ချက်နဲ့ မဟာသင်္ကြန်ပွဲတော်ကိုကျင်းပရတာဖြစ်တယ်လို့ ဦးဆောင်စီစဉ်သူဖြစ်တဲ့ မမိုးဖြူက ပြောပြပါတယ်။
ရိုးရာမဟာသင်္ကြန်ပွဲတော်မှာ မပါမဖြစ် မြန်မာ့ရိုးရာအစားအစာတွေနဲ့လာရောက်ရေကစားကြသူတွေကို စတုဒီသာ ကျွေးမွေးဧည့်ခံတဲ့ အထဲမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ အစားအစာတွေနဲ့ပါ တည့်ခင်းဧည့်ခံကျွေးမွေးကြောင်း ပွဲစီစဉ်သူတဦးဖြစ်တဲ့ ဒေါက်တာကျော်ဦးကပြောပါတယ်။
အမိမွေးရပ်မြေက အခြေအနေတွေအပေါ် ပြည်ပရောက်မြန်မာတွေရဲ့ အမြင်တွေထပ်ဟပ်စေတဲ့ မြန်မာ့ရိုးရာသင်္ကြန်သံချပ်တွေနဲ့ လည်းဖျော်ဖြေခဲ့ကြတာပါ။ ဖလော်ရေဒါ သင်္ကြန်မှာ မြန်မာ့ရိုးရာအစဉ်အလာမပြတ် အတီးအမှုတ်အကတွေနဲ့ စီစဉ်တာဟာ အမေရိကန်မှာ ကြီးလာတဲ့ မြန်မာမျိုးဆက်ကလေးများကိုလည်း လက်ဆင့်ကမ်းတဲ့ ရည်ရွယ်ချက်ဖြစ်ကြောင်း မစုစုခိုင်ကပြောပါတယ်။
ကရင်တိုင်းရင်းသူ ဒေါ်သက်သက်ဝင်းခိုင်ကလည်း သမီးတွေနဲ့အတူ ပထမဆုံးအကြိမ် ဖလော်ရေဒါသင်္ကြန်ကို လာရောက်ဆင်နွဲှခဲ့ပါတယ်။
ဖလော်ရေဒါနဲ့ မိုင် တထောင်ကျော်ဝေးတဲ့ ချီကာဂိုပြည်နယ်ကနေ လာရောက်ဆင်နွဲှတဲ့ မမေဇင်ကတော့ မြန်မာပြည်ပြန်ရောက်သွားသလို ခံစားမိတယ်လို့ ဆိုပါတယ်။
သင်္ကြန်ပွဲကို လာပြီးဆင်နွဲှတဲ့ ဧည့်ပရိသတ်ပေါင်း ၆၀၀ နီးပါးရှိပြီး သင်္ကြန်ရေပက်ခံတဲ့ကားအစီးရေပေါင်း ၁၅၀ ကျော်ရှိတယ်လို့ ပွဲစီစဉ်သူ မမိုးဖြူက ပြောပါတယ်။
အခုလို ဖလော်ရီဒါပြည်နယ် Okeechobee မြို့မှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို နှစ်စဉ်ဆင်နွဲှခဲ့တာ ငါးနှစ်ရှိသွားပါပြီ။ နောင်နှစ်တွေမှာလည်း ဆက်ပြီးကျင်းပသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။