သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Syria နဲ့ ရခိုင် အရေး ကုလ စားနပ်ရိက္ခာအဖွဲ့ အကူအညီ


ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း ရိက္ခာဝေနေစဉ်။
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း ရိက္ခာဝေနေစဉ်။

စစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံမှာ ဆိုးရွားတဲ့ ငတ်မွတ်ခေါင်းပါးမှုကို လူအများအပြား ခံစားနေရချိန်မှာပဲ စားနပ်ရိက္ခာ ပြတ်လပ်မယ့်အရေး ရင်ဆိုင်ရတဲ့လူအရေအတွက် ပိုများလာနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကပြောလိုက်ပါတယ်။ တဘက်မှာတော့ မြန်မာနိုင်ငံက ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည်တွေ အကူအညီပိုပြီးရနိုင်အောင်လို့ WFP က ကူညီလုပ်ဆောင်ပေးနေပါတယ်။ ဗွီအိုအေသတင်းထောက် Lisa Schlein ရဲ့သတင်းလွှာနဲ့ AP သတင်းဆောင်းပါးတို့ကို အခြေခံပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဆီးရီးယားနိုင်ငံမှာ နှစ်ပေါင်းများစွာဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် ငတ်မွတ်ခေါင်းပါးမှုနဲ့ ဘေးဒုက္ခကြုံနေရတဲ့ လူအရေ အတွက် ပိုပိုပြီးများလာနေတယ်လို့ WFP က သတိပေးလိုက်တာပါ။ အဝိုင်းခံထားရတဲ့ဒေသတွေနဲ့ သွားလာရခက်ခဲတဲ့ဒေသတွေ က လူသန်းပေါင်းများစွာအတွက် WFP က အခက်အခဲမျိုးစုံကြားမှာပဲ စားနပ်ရိက္ခာတွေ ဆက်ပို့ပေးနေပေမဲ့ မလုံလောက်ဘူးလို့ WFP ပြောခွင့်ရအမျိုးသမီး Bettina Luescher ကပြောပါတယ်။

“သိတဲ့အတိုင်းပါပဲ၊ ဆီးရီးယားမှာ ကျမတို့ လုပ်ငန်းအကြီးကြီး လုပ်နေတာပါ။ ဒီဇင်ဘာလတုန်းက လူပေါင်း ၃.၁ သန်းကို ကူညီခဲ့ပါတယ်။ ဒါပေမဲ့ လူပေါင်း ၆.၅ သန်းဟာ စားရေရိက္ခာမလုံလောက်ကြပါဘူး။ လူပေါင်း ၄ သန်းက စားရေရိက္ခာ လုံလောက်မှုမရှိမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့တနှစ်ကနဲ့ဆိုရင် နှစ်ဆကျော်တိုးလာတာပါ။”

သူ့အဆိုအားဖြင့် ဒီဆိုးရွားလွန်းလှတဲ့စစ်ပွဲကို အဆုံးမသတ်သရွေ့တော့ ဒီလိုအခြေအနေ ဆက်ဖြစ်နေမှာပဲလို့ Luescher ကပြော ပါတယ်။ နိုင်ငံမြောက်ပိုင်း Idlib ပြည်နယ်ထဲမှာ ရှိပြီး ဒမတ်စ်ကပ်စ်မြို့တော် ဆင်ခြေဖုံးအရပ်တခုဖြစ်တဲ့ အဝိုင်းခံထားရတဲ့ အရှေ့ ပိုင်း Ghouta မြို့ မှာ တိုက်ပွဲတွေ ပိုများလာနေတဲ့အပေါ် WFP က စိုးရိမ်တဲ့အကြောင်း သူကပြောပါတယ်။

WFP အဖွဲ့ဟာ ဆီးရီးယားမှာ အကူအညီပေးနေတဲ့ တပြိုင်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီ ပေးတာမှာလည်း ပါဝင်လုပ်ဆောင်နေတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ပြန့်ကျဲနေတဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၉,၀၀၀ ကျော်ကို အကူအညီနဲ့ အခြေခံဝန်ဆောင်မှုတွေ အလွယ်တကူပေးနိုင်ဖို့အတွက် လူသားစာနာမှုအကူအညီပေး အဖွဲ့တွေက ရွှွေ့ပြောင်းပေးခဲ့ကြပါတယ်။

ဒုက္ခသည်အများအပြားကို Balukhali စခန်းကို ဘတ်စ်ကားတွေနဲ့ ရွှေ့ပြောင်းလိုက်ပြီး WFP နဲ့ တခြားအဖွဲ့တွေက ကျန်းမာရေးစစ် ဆေးပေး၊ အစားအစာကျွေး၊ အကာအကွယ်ပေးပြီး စွမ်းအားမြင့်ဘီစကစ်မုန့်တွေလည်း ပေးခဲ့ပါတယ်။

သူတို့အတွက် မိသားစုလိုက်နေရာချပေးထားတဲ့ နေရာတွေဆီ ဒုက္ခသည်တွေကို ပြောင်းမပေးခင် အရေးပေါ် ကူညီကယ်ဆယ် ရေးပစ္စည်းတွေနဲ့ နေရာထိုင်ခင်းအတွက် ပစ္စည်းတွေ WFP က ပေးပါတယ်။

WFP သတင်းပြန်ကြားရေးအရာရှိ Frances Kennedy က -

“လက်ရှိအချိန်မှာ ဒုက္ခသည်စခန်းတွေ၊ အခြေစိုက်စခန်းတွေ ဒါမှမဟုတ် Cox’s Bazar ဒေသအနီးအနားမှာ ရှိနေကြသူတွေ စသည်အားဖြင့် လူပေါင်း ၇၀၀,၀၀၀ လောက်ကို WFP က စားနပ်ရိက္ခာအကူအညီ ပေးနေပါတယ်။ အရင်တုန်းက လူအရေ အတွက်နည်းနည်းနဲ့ လုပ်ထားဖူးတဲ့ e-ဗောက်ချစနစ်ထဲ လူတွေကို တဖြည်းဖြည်းချင်း ပြောင်းထည့်နေပါတယ်။ ဆိုတော့ စထားပြီး ဖြစ်တာကြောင့် နယ်စပ်ကိုဖြတ်ဝင်လာတဲ့ လူတွေအားလုံးကို နောက်ဆုံးမှာ အဲဒီစနစ်ထဲ ထည့်လိုက်မှာဖြစ်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေကို နှစ်နှစ်အတွင်း မြန်မာနိုင်ငံကိုပြန်ပို့ရေး နှစ်နိုင်ငံ အကြား ဒီသီတင်းပတ်အစောပိုင်းက သဘောတူထားပါတယ်။ ဒုက္ခသည်တွေပြန်ပို့မယ့်အစီအစဉ်ကို နောက်သီတင်းပတ် အင်္ဂါနေ့မှာ စတင်ဖို့ မြန်မာတာဝန်ရှိသူတွေ စီစဉ်ထားပါတယ်။

နေအိမ်ပေါင်း ၆၂၅ လုံးမှာ လူပေါင်း ၃၀,၀၀၀ လောက်ကို နေရာချထားပေးနိုင်မယ့် စခန်းတခုကို တည်ဆောက်နေတယ်လို့ နိုင်ငံ ပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဒီလကုန်မှာ အဆောက်အဦး အလုံး ၁၀၀ ထက်မနည်း ဆောက်ပြီးမယ်လို့လဲ ဆိုပါတယ်။

ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ထဲမှာ အခုစခန်းဟာ ပထမဆုံးဆောက်တဲ့စခန်းပဲ ဖြစ်ပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG