မြန်မာနိုင်ငံအပါအဝင် အာရှ-ပစိဖိတ် ဒေသတွင်းမှာ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် လူသန်းပေါင်းများစွာ ဆင်းရဲမွဲတေမှုနဲ့ ကြုံနေရသလို၊ နောက်ထပ် ဒီလိုအဖြစ်နဲ့ ကြုံရနိုင်သူပေါင်း သန်းနဲ့ချီ ရှိနေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှု အခြေအနေတွေကြောင့် တိုင်းပြည်တွေရဲ့ ဖွံ့ဖြိုးမှု အလားအလာတွေကို ထိခိုက်နိုင်တယ်လို့လည်း နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။ အာရှ-ပစိဖိတ် ဒေသတွင်းက ကုန်ဈေးနှုန်း ကြီးမြင့်မှုရဲ့ စိမ်ခေါ်မှု အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေက အာရှ-ပစိဖိတ် ဒေသတွင်းမှာရှိတဲ့ လူသန်းပေါင်း ၂၀ လောက်အတွက် ဆင်းရဲတွင်းက ရုန်းထွက်ဖို့ ကြိုးပမ်းနေရတဲ့ အခြေအနေတွေကို အဟန့်အတား ဖြစ်နေရတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ ကုန်ဈေးနှုန်းတွေ၊ ရေနံဈေးတွေ ကြီးမြင့်နေတာနဲ့အတူ ငွေကြေးဖောင်းပွမှု အန္တာရာယ်တွေကြောင့် နောက်ထပ် လူပေါင်း ၄၂ သန်းလောက်ဟာလည်း ဆင်းရဲတွင်းနက်မယ့်အရေးနဲ့ ကြုံရလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင် (ESCAP) က သတိပေးထားတာပါ။ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ ထိခိုက်မှုတွေ ကြုံခဲ့ရတဲ့အတွက် ထုတ်လုပ်မှုတွေမှာ ကျဆင်းခဲ့ရပြီး ကုန်ဈေးနှုန်းတွေ တက်လာရာက ငွေကြေးဖောင်းပွမှု အခြေအနေတွေကို မီးထိုးပေးသလို ဖြစ်နေရတယ်လို့လည်း အစီရင်ခံစာပြုစုသူတွေက ပြောပါတယ်။
ESCAP အဖွဲ့ရဲ့ စီးပွားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Nagesh Kumar ကတော့ အခြေအနေတွေဟာ စိုးရိမ်စရာကောင်းလောက်တဲ့ အဆင့်မှာ ရှိနေတယ်လို့ ပြောပါတယ်။
“စားသောက်ကုန်ဈေးနှုန်း အညွှန်းကိန်းအရဆိုရင် ဒေသတွင်းမှာ အမြင့်ဆုံးအဖြစ်နဲ့ ၂၀၀၈ ခုနှစ်တုန်းက ရှိခဲ့တာထက်တောင် ပိုများလာတဲ့ နေရာမှာ ၅ ရာခိုင်နှုန်းကျော်တဲ့အထိ ဖြစ်ပါတယ်။ တချို့နေရာတွေ၊ အထူးသဖြင့် တောင်အာရှဒေသမှာဆိုရင် စားသောက်ကုန်ဈေးနှုန်းတွေ၊ ငွေကြေးဖောင်းပွမှုတွေက ၁၀ ရာခိုင်နှုန်းအထိ ရှိနေပါပြီ။”
ကုန်ဈေးနှုန်းကြီးမြင့်မှုတွေရဲ့ ဒဏ်ကိုတော့ ဒေသတွင်းက ဆင်းရဲသားတွေ အဓိကခံနေကျရပြီး၊ အများစုဟာ ဝင်ငွေရဲ့ ၇၀ ရာခိုင်နှုန်း အထိ အစားအသောက်အတွက် သုံးစွဲနေကြရတယ်လို့လည်း ကုလသမဂ္ဂ အစီရင်ခံစာကပြောပါတယ်။ အာရှတိုက်က အဓိက စားသုံးနေတဲ့ ဆန်ဈေးဟာဆိုရင်လည်း သိသိသာသာ တက်လာတဲ့နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် ၃၃ ရာခိုင်နှုန်း၊ တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာတော့ ၂၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်လို့လည်း ဖော်ပြခဲ့တာပါ။ ဒေသတွင်းက ဆန်စပါး စိုက်ပျိုးထုတ်လုပ်ပြီး အဓိက စားသုံးနေတဲ့ မြန်မာနိုင်ငံမှာလည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တိတိကျကျ အချက်အလက်တွေ မရနိုင်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြည့်ပြည့်စုံစုံ သုံးသပ်ဖို့ မလွယ်ဘူးလို့လည်း ESCAP အဖွဲ့က စီးပွားရေးပညာရှင် Nagesh Kumar ကပြောပါတယ်။
ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ ပတ်သက်လို့ လတ်တလော တွေ့ရတဲ့ အချက်အလက် တချို့အရဆိုရင် မြန်မာနိုင်ငံမှာ အဓိကစားသုံးကုန်တခုဖြစ်တဲ့ ဆန်ဈေးနှုန်းအပေါ် သိသိသာသာ အကျိုးဆက်တွေ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းမှာ တိုးတက်အောင် လုပ်ရမယ့် အပိုင်းတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ သူကပြောခဲ့တာပါ။
“မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုတွေကတော့ သိပ်ကြီးမားချင်မှ ကြီးမားပါလိမ့်မယ်။ ဒါပေမဲ့လည်း ဆန်စိုက်ပျိုးမှုလို နေရာမှာတောင်မှ ထုတ်လုပ်မှု အားကောင်းအောင် လုပ်ဆောင်ဖို့ကတော့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဆန်ဈေးက ရှေ့လာမယ့် အနာဂတ်မှာ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။”
ရာသီဥတု ဖောက်ပြန်မှုတွေ ကြုံရတာ၊ ကောက်ပဲသီးနှံတွေကို ဇီဝလောင်စာ ထုတ်လုပ်မှုမှာ သုံးစွဲမှုတွေ တိုးလာတာ၊ ဈေးကွက်ထဲမှာ ဈေးကစားတဲ့ အခြေအနေတွေနဲ့အတူ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ ကျဆင်းလာနေတာတွေက ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေတာလို့ ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာနိုင်ငံက ဆန်စိုက်ပျိုးရာ ဒေသတွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ၊ သယ်ယူပို့ဆောင်ရေး စားရိတ်စားခတွေ မြင့်တက်လာတာတွေကြောင့် ထုတ်လုပ်မှုကျဆင်းပြီး ဆန်ဈေးတက်တာတွေနဲ့လည်း ကြုံခဲ့ရတာပါ။ ဒီလိုအချိန်မှာပဲ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာမှာကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှု တခုအဖြစ်နဲ့ အာဏာပိုင်တွေက ဆန်တွေ ပြည်ပတင်ပို့ခွင့်ကို ယာယီဆိုင်းငံ့လိုက်ပါတယ်။
စိုက်ပျိုးရေးကို အဓိက စီးပွားရေး လုပ်ငန်းတခုအဖြစ် လုပ်ကိုင်နေကြတဲ့ ဒေသတွင်း နိုင်ငံတွေ အနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ နောက်ဆက်တွဲ ငွေကြေးဖောင်းပွမှု ပြဿနာတွေကို ထိန်းချုပ်သွားနိုင်ဖို့ အတွက်ကတော့ ရေတိုအစီအမံတွေ အနေနဲ့ အစိုးရ ဗဟိုဘဏ်တွေက ဘဏ္ဍာရေးလုပ်ငန်းတွေမှာ သင့်တင့်လျောက်ပတ်တဲ့ ထိမ်းချုပ်မှုတွေ လုပ်ဆောင်တာတွေသာမက ရေရှည်အစီအမံတွေ လုပ်သွားဖို့ လိုမယ်လို့လည်း ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးနဲ့ လူမှုရေး ကော်မရှင် (ESCAP) ရဲ့ စီးပွားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Nagesh Kumar က မြင်ပါတယ်။
“စိုက်ပျိုးရေး လုပ်ငန်းတွေကို အာရုံစိုက်ပြီး၊ ထုတ်လုပ်မှုအပိုင်းမှာ တုန့်ပြန်ဆောင်ရွက်တာတွေ ရှိဖို့လိုပါတယ်။ ဒီအတွက် စိုက်ပျိုးရေးကဏ္ဍမှာ သုတေသနလုပ်ငန်းတွေ၊ အပြန်အလှန်ဖလှယ်မှုတွေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ သိုလှောင်မှုတွေကို အစိုးရပိုင်းက ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပိုပြီးကျကျနန ဆောင်ရွက်သွားရမှာပါ။”
မြန်မာနိုင်ငံအသင်းဝင်အဖြစ် ပါဝင်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) အဖွဲ့ဝင်နိုင်ငံတွေက ဘဏ္ဍာရေးဆိုင်ရာ ဝန်ကြီးတွေရဲ့ ဧပြီလ ပထမပတ်ထဲ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ အစည်းအဝေးပွဲ အတွင်းမှာလည်း ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ဖေဖော်ဝါရီ လကုန်ထဲ ကျင်းပခဲ့တဲ့ အာဆီယံ၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား စီးပွားရေးဆိုင်ရာ ဝန်ကြီးတွေရဲ့ ထိပ်သီးအစည်းအဝေးပွဲ အတွင်းမှာလည်း ကုန်ဈေးနှုန်းတွေ ကြီးထွားလာနေတာတွေကို ဟန့်တားနိုင်ရေး ကြိုးပမ်းတဲ့ တခုအနေနဲ့ အရန်ဆန်စပါး သိုလှောင်ဖို့ သဘောတူခဲ့ကြတာပါ။
၈ လ ဆက်တိုက်ဆိုသလို တက်လာနေတဲ့ ကုန်ဈေးနှုန်းတွေဟာတော့ မတ်လထဲမှာ ၃ ရာခိုင်နှုန်းလောက် လျော့ကျခဲ့တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖဲ့ွ (FAO) ရဲ့ ဧပြီလမှာ ထုတ်ပြန်တဲ့ အညွှန်းကိန်းက ဖော်ပြပါတယ်။ ဒီလို လျော့ကျလာတယ် ဆိုပေမဲ့လည်း ကုန်ဈေးနှုန်းတွေဟာ စိုးရိမ်ရလောက်တဲ့အထိ အဆင့်မှာ ရှိနေဆဲ ဖြစ်သလို၊ ထုတ်လုပ်မှုတွေမှာ ကျဆင်းမှုတွေ ရှိနေတဲ့ အတွက် ဈေးနှုန်းတွေ ဆက်ပြီး ကျဆင်းလာပါ့မလား ဆိုတာကလည်း ကံသေကံမ မပြောနိုင်သေးတဲ့ အခြေအနေမှာပဲ ရှိနေတယ်လို့ FAO က သတိပေးထားဆဲ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။