အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးရေးဦးတည်တဲ့ ဒုတိယအကြိုညှိနှိုင်းပွဲကို NNER (ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်) ကိုယ်စားလှယ်တွေအပါအဝင် ကျောင်းသားကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဌာနတို့ ဖေဖေါ်ဝါရီလ (၉) ရက် တနင်္လာနေ့ကျရင် ရန်ကုန်မြို့မှာ တွေ့ဆုံကြပါလိမ့်မယ်။ ပညာရေးဥပဒေပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းသဘောတူညီချက်ရဖို့ အဓိက ဦးတည်မှာ ဖြစ်ပေမယ့် ဆန္ဒပြချီတက်နေတဲ့ကျေင်းသားတွေကို အစိုးရအာဏာပိုင်တွေက ခြိမ်းခြောက်တဲ့လက္ခဏာတွေ တွေ့နေရတဲ့အတွက် အခြေအနေတွေကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ NNER ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ကပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြထားပါတယ်။
ဒီကနေ့ နေ့လည် (၂)နာရီမှာ ရန်ကုန်မြို့ ပညာရေးဝန်ကြီးဌာနရုံးမှာ ကျင်းပမယ့် ဒုတိယအကြိမ် အကြိုညှိနှိုင်းပွဲမှာကျောင်းသားသပိတ်ကော်မတီက ကိုယ်စားလှယ် သုံးဦး၊ NNER ကိုယ်စားလှယ်နှစ်ဦးနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဆွေးနွေးကြမှာပါ။ ပျက်သွားတဲ့နေပြည်တော်ဆွေးနွေးပွဲလို မဖြစ်စေဖို့ ဦးတည်ဆွေးနွေးမှာဖြစ်ကြောင်း NNER ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ပြောပါတယ်။
“ဆွေးနွေးပွဲပြန်ဖြစ်ဖို့၊ နောက် နေရာ၊ နေရာကိုလည်း ရန်ကုန်မှာလုပ်ဖို့ ကျနော်တို့ တင်ပြသွားပါမယ်။ ဘာကြောင့်လဲဆိုတော့ အရင်တခေါက် ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ နေပြည်တော်မှာ အဆင်မပြေဖြစ်ခဲ့တယ်။ သွားရေးလာရေးအဆင်မပြေဖြစ်တယ်။ တည်းဖို့ ခိုဖို့ အဆင်မပြေဖြစ်တယ်။ ဒါကြောင့် ဒီတခေါက်တော့ ရန်ကုန်မှာလုပ်ဖို့ဆိုပြီးတော့ တင်ပြထားပါတယ်။ အဲဒီကိစ္စလည်း ထပ်ဆွေးနွေးဖို့ပါ။ ဆွေးနွေးပွဲမှာ ဘယ်နှစ်ဦးပါရမယ် ဆိုတာလည်း ထည့်သွင်းဆွေးနွေးသွားမယ်။ နောက် ဆွေးနွေးပွဲက ပွင့်လင်းမြင်သာမှုရှိဖို့ ကျနော်တို့ လိုလားပါတယ်။ သတင်းမီဒီယာတွေရှေ့မှောက်မှာ၊ နောက် လေ့လာတဲ့သူတွေရှေ့မှောက်မှာ ဆွေးနွေးတာဖြစ်သင့်တယ်လို့ ကျနော်တို့ တင်ပြထားတာတွေ ရှိပါတယ်။”
ပညာရေးဝန်ကြီးဌာနကနေ ဖေဖေါ်ဝါရီလ (၇)ရက် စနေနေ့မှာ သပိတ်မှောက်ကျောင်းသား တွေတောင်းဆိုချက်တွေကို ဆောင်ရွက်နိုင်ဖို့ NNER နဲ့ ဆက်လက်ညှိနှိုင်းနေပြီး အတတ်နိုင်ဆုံးပြေလည်အောင်ဆောင်ရွက်နေတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့သလို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားက စနေနေ့က ထုတ်လွှင့်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုကတော့ နောက်ကွယ်က ကြိုးကိုင်နေတဲ့အဖွဲ့အစည်းတွေကို ဖေါ်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။
ကျောင်းသားတွေအနေနဲ့ သူတိုလိုလားတဲ့ ပညာရေးကိစ္စတခုကိုပဲ ငြိမ်းငြိမ်းချမ်းချမ်းတောင်းဆိုနေတာမို့ ဒီအခြေအနေအတွက် စိုးရိမ်မကင်းဖြစ်မိတယ်လို့ ဒေါက်တာသိန်းလွင်ကပြောပါတယ်။
“ကျောင်းသားသပိတ်နဲ့ပတ်သက်ပြီးတော့ ခြိမ်းခြောက်တဲ့အရိပ်အယောင်တွေ တွေ့တယ်၊ ကျောင်းသားတွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်နေသူတွေရှိတယ်၊ စသဖြင့်ပေါ့။ ကျောင်းသားမဟုတ်တဲ့သူတွေပါဝင်တယ်၊ မိဘတွေ စိုးရိမ်တယ် ဆိုတဲ့ဟာမျိုးတွေက အထိတ်တလန့်ဖြစ်စရာတွေ ပါလာပြီ။ အဲဒါကတော့ စိုးရိမ်စရာကောင်းတယ်။ မနေ့တုန်းက ကျနော်တို့ NNER နဲ့ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်တယ်။ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ ကျောင်းသားကိုယ်စားလှယ်တွေက သူတို့ သပိတ်မှောက်ဆန္ဒပြတဲ့ရည်ရွယ်ချက်က ပညာရေးဥပဒေပြင်ဖို့ဖြစ်တယ်။ သပိတ်မှောက်ရတဲ့ သပိတ်ကော်မတီကလည်း ကျောင်းသားတွေအစည်းအဝေးကနေ သူတို့ကို တင်မြှောက်လိုက်တာဖြစ်တယ်။ ကျောင်းသားထုအစည်းအဝေးက သူတို့ကို ပေးအပ်လိုက်တဲ့တာဝန်က ပညာရေးဥပဒေပြင်ဖို့ကိစ္စပဲပါတယ်။ ဒီကိစ္စပဲလုပ်မယ်၊ တခြားကိစ္စတွေမပါဘူးဆိုတာ သူတို့ ရှင်းရှင်းလင်းလင်းပြောပါတယ်။
“ကျနော်တို့ NNER ကလည်း ကျောင်းသားတွေတောင်းဆိုတဲ့ ပညာရေးဥပဒေပြင်ဖို့အချက်တွေကို NNER က ပါဝင်ဆွေးနွေးဖို့ပဲ။ ဒီအပေါ်မှာ ပညာရေး ဥပဒေကိစ္စမှာပဲ ညှိနှိုင်းဖြေရှင်းလိုက်လို့ရတယ်။ အစိုးရဘက်က အဲဒီလိုမဟုတ်ဘဲနဲ့ တခြားမဆိုင်တာတွေ၊ စွပ်စွဲတာမျိုးတွေ ရှိလာတဲ့ အခါကျတော့ အမြင်မှာ ရှုပ်ထွေးစရာတွေ၊ မရှင်းတာတွေ ဖြစ်လာတယ်။ သူတို့လာတဲ့လမ်းတလျှောက်မှာလည်း ကျောင်းသားတွေက ဆူပူတာ ဘာမှမရှိခဲ့ဘူး။ အေးအေး ချမ်းချမ်းပဲလေ။ စိုးရိမ်စရာလည်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ရောက်တဲ့နေရာတိုင်းက ရွာတွေ၊ မြို့တွေက ကျောင်းသားတွေကို လှိုက်လှိုက် လှဲလှဲ ကြိုကြတယ်။ ကျွေးမွေးကြတယ်၊ စောင့်ရှောက်တယ်။ အဲဒီလိုအခါမျိုးမှာ ကျောင်းသားတွေကို အထိတ်တလန့်ဖြစ်စေအောင်မလုပ်ဘဲနဲ့ ဆွေးနွေးပွဲကို အမြန်ဆုံးလုပ်ပြီးတော့ ကျောင်းသားတွေ တောင်းဆိုတဲ့အချက်တွေကို ညှိနှိုင်းဆောင်ရွက်လိုက်ရင် ပြေလည်နိုင်စရာတယ်။”
မေး။ ။ အဲဒီတော့ ကျောင်းသားတောင်းဆိုတဲ့ ဒီဥပဒေပြင်ဆင်ရေးအချက်မှာ သူတို့ ဘာလို့ လက်မခံနိုင်စရာရှိနေလဲ၊ ကျောင်းသားတွေက အဓိကပြင်ဆင်ဖို့ပြောတဲ့အချက်တွေ ကျမတို့ သိရပါတယ်။ ဥပမာဆိုရင် တိုင်းပြည်ရဲ့အသုံးစရိတ် ဘတ်ဂျက်ရဲ့ ၂၀ % အထိကို ပညာရေးအတွက် လျာထားဖို့၊ ဆိုတာမျိုးတွေပေါ့နော်-ဆရာ၊ အဲဒီမှာ အဓိက အကြိတ်အနယ်ညှိနှိုင်းရမယ့်အချက်တွေပေါ့လေ၊ ရှင်းပြလို့ရမလားဆရာ့။
ဖြေ။ ။ ကျနော့်အမြင်က ဒီ တောင်းဆိုချက် ၁၁ ချက်က ဘာမှ မလိုက်နာနိုင်စရာအကြောင်းမရှိဘူး။ ပညာရေး ပြုပြင်ရေး လိုအပ်တဲ့အချက်တွေလည်း ဖြစ်တယ်။ တနေ့က အကြိုညှိနှိုင်းပွဲမှာ ဝန်ကြီးဦးသန့်ရှင်းနဲ့တွေ့တော့ ကျနော်အလွတ်သဘောပြောတဲ့အချိန်မှာ သူတို့ဘက်က ခက်ခဲနေတဲ့အချက်က ဘဏ္ဍာရေးကိစ္စလို့ ပြောတယ်။ ကျောင်းသားတွေတောင်းဆိုထားတာက ညှိနှိုင်းရေးအသုံးစရိတ်က တနိုင်ငံလုံးအသုံးစရိတ်ထက် ၂၀ % ရှိရမယ်လို့ တောင်းဆိုထားတာဖြစ်တယ်။ အစိုးရဘက်က အဲဒါ ခက်ခဲနေပုံရတယ်၊ ကြည့်ရတာ။ ကျနော့အမြင်တော့ ကုလသမဂ္ဂနေပြီးတော့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းရဲ့ပညာရေးအသုံးစရိတ်က တနိုင်ငံလုံးအသုံးစရိတ်ထက် ၁၅% ကနေ ၂၀ % ရှိရမယ်လို့ ကုလသမဂ္ဂဘက်က နိုင်ငံတကာပြုလုပ်တဲ့ အစည်းအဝေးမှာ သဘောတူခဲ့တာပဲ။ ဗမာအစိုးရလည်းပါတယ်။ ဆိုတော့ ကျနော့်အမြင်ကတော့ အစိုးရဘက်က အနိမ့်ဆုံးတော့ ၁၅ % တော့ သဘောတူနိုင်လိမ့်မယ်လို့ထင်တယ်။ သဘောတူသင့်တယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂမှာ သဘောတူခဲ့လို့။ ကျောင်းသားတွေက ၁၅ ကနေ ၂၀ မှာ အမြင့်ဆုံးကိုတောင်းဆိုထားတယ်။ အစိုးရဘက်က ၁၅ အထိ လိုက်လျောမယ်ဆိုရင်တော့ ပြေလည်နိုင်စရာရှိတယ်။
မူလဥပဒေမှာ ချို့ယွင်းချက် အများအပြားရှိနေသလို ဗဟိုချုပ်ကိုင်မှုနဲ့တင်းကျပ်ထားပြီး ပညာရေးလွတ်လပ်ခွင့်မရှိတာကြောင့် ဒီဥပဒေ ပြင်ဆင်ရေး ကျောင်းသားတွေက တောင်းဆိုနေတာဖြစ်တယ်လို့ ဒေါက်တာသိန်းလွင်ကပြောသွားပါတယ်ရှင်။