နာမည်ကျော် Forbes မဂ္ဂဇင်းကနေ မနေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး ပုဂ္ဂိုလ်များစာရင်းထဲမှာ ရုရှားသမ္မတ Vladimir Putin က နံပါတ် ၁ ချိတ်ခဲ့ပါတယ်။
၃ နှစ်ဆက်တိုက် ထိပ်ဆုံးမှာ ရှိနေခဲ့တဲ့ ရုရှားသမ္မတ ပူတင်အနေနဲ့ သူ လိုချင်တာကို ရအောင်ယူတတ်သလို၊ လုပ်ချင်တာလုပ်ပေမဲ့ ဘာမှမဖြစ်တဲ့အတွက် ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ်အနည်းငယ်ထဲမှာ တဦးအဖြစ်နဲ့ နံပါတ် ၁ ချိတ်ခဲ့တာ ဖြစ်တဲ့အကြောင်း အမေရိကန် အခြေစိုက် Forbes မဂ္ဂဇင်းက ပြောဆိုထားပါတယ်။
ထိပ်ဆုံးပုဂ္ဂိုလ် ၅ ဦးကတော့ ရုရှားသမ္မတ ပူတင်၊ ဂျာမန်ဝန်ကြီးချုပ် Angela Markel၊ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား၊ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင် တို့ ဖြစ်ကြပါတယ်။ ဂျာမနီဝန်ကြီးချုပ် Angela Markel က အမေရိကန်သမ္မတဘရက်ခ် အိုဘားမားရဲ့ ဒုတိယနေရာကို ယူသွားတဲ့အတွက် သမ္မတ အိုဘားမားက တတိယနေရာ ရောက်သွားပါတယ်။ သမ္မတ အိုဘားမားဟာ နံပါတ် ၂ နေရာကနေ နံပါတ် ၃ နေရာကို ရောက်သွားတာကြောင့် ဒါဟာ ဒီစာရင်းကို ထုတ်ပြန်လာခဲ့တဲ့ ၇ တာ သက်တမ်းတလျှောက် အမေရိကန်သမ္မတတဦးအတွက် ထိပ်ဆုံး ၂ နေရာမှာ မပါဝင်တာ ပထမဆုံးလည်း ဖြစ်ခဲ့ပါတယ်။
သြဇာအရှိဆုံးပုဂ္ဂိုလ် ၇၃ ယောက် စာရင်းမှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကတော့ မနှစ်ကလိုပဲ နံပါတ် ၄ နေရာမှာ ဆက်ရှိနေခဲ့တာပါ။ တရုတ်သမ္မတ ရှီကျင့်ပင်ကတော့ ၂ ဆင့် လျော့ကျပြီး ဒီနှစ်မှာ နံပါတ် ၅ နေရာမှာ ချိတ်ခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးကတော့ အရင်က နံပါတ် ၂၂ နေရာကနေ ဒီနှစ်မှာ နံပါတ် ၄၉ အထိ ကျဆင်းသွားပါတယ်။ ဒါ့အပြင် မနေ့က ထုတ်ပြန်ခဲ့တဲ့ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်များစာရင်းမှာ သမ္မတလောင်းတွေဖြစ်ဖို့ အမေရိကန်မှာ ယှဉ်ပြိုင်နေကြတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟေလာရီ ကလင်တန်နဲ့ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး ဒေါ်နယ် ထရန့်တို့လည်း ပါဝင်ခဲ့ကြပြီး နံပါတ် ၅၈ နဲ့ နံပါတ် ၇၂ နေရာတွေမှာ အသီးသီး ရှိနေကြတာဖြစ်ပါတယ်။