သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မအလုပ်ကြမ်း မစေခိုင်းရေး ဥပဒေကို မြန်မာ အာဏာပိုင်တွေ ချိုးဖောက်


အဓမ္မအလုပ်ကြမ်း မစေခိုင်းရေး ဥပဒေကို မြန်မာ အာဏာပိုင်တွေ ချိုးဖောက်
အဓမ္မအလုပ်ကြမ်း မစေခိုင်းရေး ဥပဒေကို မြန်မာ အာဏာပိုင်တွေ ချိုးဖောက်

လူကုန်ကူးမှုတွေနဲ့ အဓမ္မ စေခိုင်းမှုတွေကို တိုက်ဖျက်ဖို့မှာ အဓိက အဟန့်အတား ဖြစ်နေတာက သိပ် နောက်ကျနေတဲ့ ဥပဒေတွေကြောင့်ပဲ ဖြစ်တယ်လို့လည်း သံအမတ်ကြီး Luis CdeBaca က ပြောခဲ့ ပါသေးတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အဓမ္မလုပ်အားပေး ခိုင်းစေမှုအတွက် ခွင့်ပြုထားတဲ့ ဥပဒေကို ပြန်ပြီး ပြင်ဆင်ထားတဲ့ ဥပဒေ ရှိနေပြီဖြစ်ပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ အခုချိန်ထိအောင် လိုက်နာခြင်း မရှိသေးဘူးလို့ အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC ရဲ့ ရှေ့နေက ဝေဖန် ထောက်ပြ လိုက်ပါတယ်။ ဒီအကြောင်း ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ သံအမတ်ကြီး Luis CdeBaca က မြန်မာနိုင်ငံမှာ လူကုန်ကူးမှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အားနဲနေတယ်လို့ ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် အစိုးရက အဓမ္မလုပ်အား ခိုင်းစေမှုကို တရားဝင် ခွင့်ပြုထားသ၍ ဒီတိုက်ဖျက်ရေး ဆိုင်ရာမှာ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူးလို့လဲ ပြောဆိုခဲ့တာမို့ ဒါဟာ ဒေသ အာဏာပိုင်တွေမှာ အဓိက တာဝန်ရှိတယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

"မြန်မာနိုင်ငံအတွင်းမှာ ၁၉၀၇ ခုနှစ်လောက်က ပြဌာန်းထားတဲ့ မြို့များနဲ့ ကျေးရွာများ အက်ဥပဒေတွေအရ လူတွေကို အဓမ္မ လုပ်အားပေး ခိုင်းစေနိုင်တဲ့ ကိစ္စရပ်ကို ခွင့်ပြုထားတယ် ဆိုတာတွေကို ပြောသွားတာ ကျနော်တို့ ကြားရတယ်။ အမှန်ကတော့ ကျနော်တို့ ၂၀၀၀ ပြည့်နှစ်မှာ ပြည်ထဲရေး ဝန်ကြီးဌာနက ၁/၉၉ ကို ဖြည့်စွက် အမိန့်ဆိုပြီး ထုတ်ထားတာ ရှိပါတယ်။ ဖြည့်စွက် အမိန့်မှာ မီးဘေး၊ ရေဘေး၊ လေဘေး၊ သဘာ၀ ဘေးအန္တရာယ် ကိစ္စရပ်မှတပါး သာမှန် ပြည်သူ တဦးတယောက်ကို အလုပ် အဓမ္မ ခိုင်းစေခြင်း မပြုရ ဆိုတာ အတိအလင်း ဖော်ပြထားပါတယ်။

ခိုင်းစေမယ် ဆိုလို့ရှိရင်လည်း ထိုက်သင့်တဲ့ လုပ်အားခငွေ ပေးပြီးတော့မှ ခိုင်းစေရမယ်ဆိုတာကို ညွှန်ကြားချက်တွေ ထဲမှာ အတိအကျ ပြဌာန်းထားတာ ရှိတယ်။ ဒါတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေ ကိုယ်တိုင်ကိုယ်က လိုက်နာ ဆောင်ရွက်ခြင်း မရှိပဲ ခုချိန်ထိ ကျူးလွန် ဖောက်ဖျက်နေတဲ့အတွက် နိုင်ငံတကာကနေပြီးတော့ လက်ညိုးထိုးပြီး ပြောသွားစရာ ဖြစ်တယ်လို့ပဲ ကျနော်ကတော့ ပြောချင်ပါတယ် ခင်ဗျ။"

မြန်မာနိုင်ငံအတွင်းက လူကုန်ကူးမှုပြဿနာအတွက် ချမှတ်ထားတဲ့ ဥပဒေတွေကို တိတိကျကျ လိုက်နာဖို့ လိုအပ်သလို လက်တလုံးကြား လုပ်နိုင်တဲ့ ဟာကွက်တွေအတွက် ဖြည့်စွက်တဲ့ ဥပဒေတွေ ပြဌာန်းဖို့နဲ့ တရားရေး အာဏာကို အလွဲသုံးစား မလုပ်ဖို့အတွက် သိပ်ကို အရေးကြီးတယ်လို့လဲ ဆိုပါတယ်။

"လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေ ပြဌာန်းထားတာတော့ ကြာပြီ။ ဒါပေမယ့်လည်း ဥပဒေကို လိုက်နာ အကောင်အထည် ဖော်တဲ့ဥစ္စာက အလွန်မှပဲ အားနဲတာကို တွေ့ရတယ်။ ဒီလူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူမယ်ဆိုရင် အဓိက ပါဝင် ပတ်သက်နေတဲ့သူတွေ တော်တော်များများက အစိုးရ အာဏာပိုင်တွေနဲ့ မကင်းတဲ့သူတွေ ဖြစ်တာ ကျနော်တို့ တွေ့ရတယ်။ ဒါကလည်း အားနဲချက် တချက် ဖြစ်တယ်။ ဒီလိုမျိုး အရေးယူတဲ့အခါမှာ ဥပမာအားဖြင့် ပြောရရင် ကလေးစစ်သားလိုမျိုး ကိစ္စဆိုလို့ရှိရင် ရောင်းသူ ဝယ်သူ နှစ်ဦး နှစ်ဖက်ကို အရေးယူရတဲ့အခါမှာ တပ်ရဲအဖွဲ့တွေကနေပြီးတော့ လက်ခံ ငွေထုတ်ပေးတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေကိုက အစ အရေးယူရမယ့် သဘော ဖြစ်လာတယ်။

အဲဒီလိုမျိုး အခါမှာ ရှောင်ကွင်းလိုတဲ့အတွက် သာမှန် လူခိုးမှုလောက်ပဲ ပြစ်ဒဏ် ချမှတ်နိုင်တဲ့ ဥပဒေတွေနဲ့ အရေးယူပြီး ဖြေရှင်းတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် အာဏာပိုင်တွေ အနေနဲ့ ဒီ လူကုန်ကူးမှုနဲ့ ပတ်သက်လို့ အတိအကျ အရေးယူမယ် ဆိုလို့ရှိရင် ဥပဒေမှာ လိုအပ်တဲ့ အချက်တွေ ထပ်မံ ဖြည့်သွင်းဖို့ လိုတယ်။ နောက်ပြီးတော့တခါ ဒီ အာဏာပိုင်တွေကို အရေးယူတဲ့အခါမှာ ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက်လည်း တရားစွဲ အဖွဲ့အစည်းတွေကို ဖွဲ့စည်းပေးနိုင်ဖို့ လိုတယ်။"


မစ္စတာ CdeBaca က မြန်မာနိုင်ငံမှာ အစိုးရတာဝန်ရှိသူတွေ၊ ခေါင်းပုံဖြတ် အလုပ်ရှင်တွေရဲ့ အဓမ္မလုပ်အား ခိုင်းစေမှု ပြဿနာတွေအပြင် ကလေးစစ်သား စုဆောင်းမှုနဲ့ လိင် ဖျော်ဖြေရေး လုပ်ငန်းတွေအတွက် လူမှောင်ခိုမှု ဆိုင်ရာတွေမှာ အစိုးရကနေ ထိထိရောက် ရောက် လုပ်ဆောင်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။

ဒီလို ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက ဒေသတွင်း တခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံ အတွက် အကူအညီတွေ ပေးနိုင်တယ်လို့ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

"အစိုးရအနေနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပြီးတော့ လုပ်ကိုင် ဆောင်ရွက်မယ် ဆိုရင်တော့ ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီနယ်စပ် ဖြတ်ကျော်ပြီးတော့ ဖြစ်ပွါးတဲ့ ကိစ္စရပ်တွေ ဥပမာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း၊ လာအို၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေ နဲ့လည်း ဒီလိုပဲ နှစ်ဘက် သဘောတူ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေး ထိုးပြီးတော့ နိုင်ငံတကာ ရဲအဖွဲ့နဲ့ ပူးပေါင်းပါဝင်မယ့် တချို့ ကိစ္စရပ်တွေမှာ လက်မှတ်ရေးထိုး လိုက်တယ်ဆိုရင် ဒါတွေဟာ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အဆင့် ရောက်လာလိမ့်မယ်လို့ ထင်မြင် ယူဆပါတယ်”

အမေရိကန် နိုင်ငံဘက်က မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ထဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အပြင် လူကုန်ကူးမှုဆိုင်ရာ ပြဿနာတွေ၊ ကလေးစစ်သား စုဆောင်းမှုနဲ့ မူးယစ်ဆေးဝါး ဆိုင်ရာ ပြဿနာတွေပါ ပါနေပါတယ်။ အမေရိကန် အစိုးရရဲ့ လူကုန်ကူးမှုဆိုင်ရာ ၂၀၁၁ အစီရင်ခံစာ ထဲမှာတော့ မြန်မာနိုင်ငံကို တီယာ ၃ (Tire 3) လို့ခေါ်တဲ့ အစိုးရကိုယ်တိုင် တိုက်ဖျက်ရေးကို အားထုတ် လုပ်ဆောင်မှု မရှိတဲ့ အဆိုးဆုံး အဆင့်မှာ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG