သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်းထုတ်ခံ ကျူ းကျော်အရေး NLDအတွက် စိန်ခေါ်မှု


မောင်းထုတ်ခံရလို့ နေစရာပျောက်သွားတဲ့မိသားစုများ။ သတင်းဓာတ်ပုံ- ဦးဇော်ရမ်း
မောင်းထုတ်ခံရလို့ နေစရာပျောက်သွားတဲ့မိသားစုများ။ သတင်းဓာတ်ပုံ- ဦးဇော်ရမ်း

မြန်မာနိုင်ငံမှာ မကြာသေးခင် လတွေအတွင်း တရားမဝင် ရပ်ကွက်တချို့မှာ ကျုးကျော်နေထိုင်သူတွေအဖြစ် အာဏာပိုင်တွေက အတင်းအကျပ် ဖယ်ရှားခဲ့တဲ့ အတွက် လူပေါင်းထောင်နဲ့ချီပြီး နေစရာမဲ့ ဖြစ်ခဲ့ရပါတယ်။ ဒီပြဿနာဟာ ရွေးကောက်ပွဲ မှာ တခဲနက် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအတွက်တော့ စိန်ခေါ်မှုတခုလည်း ဖြစ်လာနိုင်တဲ့အကြောင်း Reuters သတင်းဆောင်းပါးကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် အများစုအဖြစ်နဲ့ လွှတ်တော်သစ်ကို ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ အာဏာပိုင်တွေက - တရားမဝင် ကျုးကျော်နေထိုင်သူတွေဆိုပြီးတော့ ဖယ်ရှားခံလိုက်တဲ့အထဲမှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်လည်း တခု ပါဝင်ခဲ့ပါတယ်။ ဘူဒိုဇာမြေထိုးကားတွေနဲ့ ရဲအင်အား ၂၀၀ လောက်အပြင် ဒုတ်တွေကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ အရပ်ဝတ်လူတအုပ်က အတင်းဝင်ရောက် ဖျက်ဆီးဖယ်ရှားခဲ့ကြတာပါ။

တပ်ပိုင်မြေပေါ်မှာ ကျုးကျော်နေထိုင်သူတွေဆိုပြီး ဖယ်ရှားခံခဲ့ရသူ လူပေါင်း ၂၅၀၀ ထဲမှာအသက်အစိတ်အရွယ် မသန္တာလည်း ပါဝင်ပြီး၊ အခုအခါ ကလေး ၃ ယောက်နဲ့အတူ - ပလပ်စတစ် မိုးကာစတွေနဲ့ လမ်းဘေးမှာ ဖြစ် သလိုလေး ဆောက် ထားတဲ့ ယိုင်နဲ့နဲ့ တဲလေးမှာ နေထိုင်နေရတာကြောင့် သူတို့ရဲ့ လုံခြုံမှုအတွက် အချိန်နဲ့အမျှ စိုးရိမ်နေရတယ်လို့ ငိုကြွေးရင်း ပြောခဲ့ပါတယ်။

“ယောကျာ်းတွေက ရရာအလုပ်ကို ထွက်လုပ်နေကြရတာ။ ညနေစောင်းလာလို့ရှိရင် မိုးချုပ်ရင်ကို သတိဝီရိယနဲ့ အိပ်နေရတယ် ကျမတို့ ဘဝမှာ။ သူများက လာပြီး မီးဒုတ်နဲ့ပစ်လည်း ကျမတို့ပဲ ခံရမှာပဲ။”

တချို့သူတွေကတော့ ၂၀၀၈ ခုနှစ်က မြစ်ဝကျွန်းပေါ်ဒေသမှာ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ပြီးနောက်ပိုင်း ရန်ကုန်ကို ပြောင်းရွှေ့လာသူတွေ လို့ ဆိုပါတယ်။ Reuters က မြင်ခဲ့ရတဲ့ မိတ္တူ အမိန့်စာတစောင်မှာတော့ - မင်္ဂလာဒုံကျူးကျော်ဖယ်ရှားရေးကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လုပ်ဆောင်ခဲ့ တာဖြစ်ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ကို အစီရင်ခံတင်ပြခဲ့တယ်လို့ ပါရှိပါတယ်။

ကျူးကျော်သူတွေ ဖယ်ရှားခံခဲ့ရတဲ့ မြေကို မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး၊ ရန်ကုန်ကို ပြောင်းလာတဲ့သူ တော်တော်များများကတော့ - သူတို့ နေနေတဲ့ မြေကို စစ်တပ်က ပိုင်တယ်ဆိုတာ မသိထားကြပါဘူး။ နေစရာ မရှိတဲ့အတွက် ဘာမှမရှိတဲ့ မြေအလွတ်ပေါ်မှာ အိမ်ဆောက်ပြီး နေထိုင်လာကြ တာ ဖြစ်ပါတယ်။

အခုလို မြေယာအငြင်းပွားမှု ပြဿနာတွေဟာ စစ်အစိုးရလက်ထက်ကတည်းက ရှိခဲ့တဲ့ ဖြေရှင်းရခက်တဲ့ ကိစ္စတခုပါ။ မကြာသေးခင်က နှစ်တွေကစလို့ စစ်တပ်ရော၊ စစ်တပ်နဲ့ဆက်နွယ်တဲ့ လုပ်ငန်းတော်တော်များများက မြေတွေကို သိမ်းယူ လာနေတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာဥပဒေပညာရှင်များကော်မရှင် (ICJ) ရဲ့ နိုင်ငံတကာ ဥပဒေအကြံပေး Daniel Aguirre ကတော့ - မြန်မာနိုင်ငံမှာ အခုလို အတင်းအဓမ္မ ဖယ်ရှားခံရသူ တော်တော်များများဟာ - အကူအညီ မရရှိကြဘူးလို့ အခုလို ပြောခဲ့ပါတယ်။

“ဒီလူတွေမှာ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတို့ အမြဲတမ်း နေစရာတို့ မရှိကြပါဘူး။ အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်မရကြသလို၊ လုံခြုံရေးကို ခြိမ်းခြောက်ခံရတဲ့ အန္တရာယ်တွေလည်း ရှိနေပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ မြေယာပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ ဥပဒေတွေ ပြဌာန်းဖို့ လိုနေပြီလို့လည်း သူက အခုလို ဆက်ပြောခဲ့ပါတယ်။

“နောက်ဆုံးတနေ့မှာတော့ ဆွေစဉ်မျိုးဆက် နေလာကြတဲ့ မြေတွေကို ပိုင်ဆိုင်ခွင့်ပေးနိုင်မယ့် ဥပဒေသစ်တွေ ပြဌာန်းရပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဒီလူတွေ ဖယ်ရှားခံရပြီး၊ လမ်းဘေးရောက်၊ ပန်းခြံရောက် တခြား လွတ်တဲ့နေရာတွေကို ရောက် ကုန်ပြီး၊ အဲဒီမှာလည်း တခါထပ်ပြီး မောင်းထုတ် ခံရဦးမှာပါ။ မြေပိုင်ဆိုင်ခွင့် အထောက်အထား မရှိကြတဲ့လူတွေ တနေရာက တနေရာ မောင်းထုတ်ခံရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပုံစံမျိုးတွေကို နိုင်ငံတကာမှာလည်း ရှိနေပါတယ်။”

အခုလို နေအိမ်တွေ ဖျက်ဆီးခံလိုက်ရတဲ့ မင်္ဂလာဒုံမြို့နယ်က အိမ်ခြေမဲ့သူတွေ ကို လျော်ကြေးပေးပြီး၊ အိမ်ပြန်ဆောက်ပေးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောဆို ထားပေမဲ့လည်း - နေအိမ်တွေ ဖျက်ဆီးခံလိုက်ရတာ သီတင်း ၂ ပတ်လောက် ကြာလာတဲ့အထိ - သူတို့အနေနဲ့ ဘာအကူအညီမှ မရသေးဘူးလို့ - Reuters ကို ပြောဆိုခဲ့ကြပါတယ်။

အဲဒီအစား - ရဟန်းသံဃာတွေနဲ့ စေတနာရှင်တွေကနေ - ဒီလူတွေကို ငွေကြေးနဲ့ အစားအသောက်တွေ ပေးကမ်းတာကို မြင်တွေ့ရပါတယ်။ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် - မကြာခင် တက်လာတော့မယ့် NLD အစိုးရသစ်အနေနဲ့ ဒီလို အငြင်းပွားမှုပြဿနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြန်မာနိုင်ငံမှာ လက်ဖက်စိုက်ခင်းကအစ - စီးကရက်ထုတ်လုပ်တာ၊ ဘီယာထုတ်လုပ်တာ၊ ကျောက်စိမ်းတူးဖော်ရေးနဲ့ ဘဏ်လုပ်ငန်းတွေ အဆုံး စီးပွားရေးလုပ်ငန်း တော်တော်များများမှာ ဦးပိုင်ကုမ္ပဏီက ပါဝင်ပတ်သက်နေတာပါ။ ဦးပိုင်ကုမ္ပဏီက ထူထောင်ထားတဲ့ မြနန္ဒာရေသန့် စက်ရုံရဲ့ မန်နေဂျာ ဗိုလ်မှူးဝင်းမြင့်ကတော့ - ဒီမြေကို ဦးပိုင်က ပိုင်ဆိုင်ပေမဲ့ ဘာလုပ်ဖို့ စီစဉ်ထားသလဲ ဆိုတာကိုတော့ သူ မသိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးပိုင်ကုမ္ပဏီကို အင်တာဗျူးမေးခွင့် တောင်းခံခဲ့ပေမဲ့ မတုံ့ပြန်ခဲ့ပါဘူး။

NLD ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေကနေ ကျမ်းသစ္စာကျိန်ဆိုဖို့ရာ တပတ်တောင် မလိုတော့တဲ့ - ဇန်နဝါရီလ ၂၆ ရက်နေ့မှာပဲ အာဏာပိုင်တွေက မင်္ဂလာဒုံမြို့နယ်တွင်းမှာ တရားမဝင် ကျုးကျော်နေထိုင်သူတွေ ဆိုပြီးတော့ နေအိမ်တွေ ကို အဓမ္မ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ မတ်လကုန် သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းပြည့်တဲ့အချိန်မှာတော့ - အစိုးရသစ် တက်လာမယ့် NLD ပါတီအနေနဲ့ ဆက်လက် ကိုင်တွယ်ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG