သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဆူဒန်ကနေ သံတမန်တွေနဲ့ နိုင်ငံခြားသားတွေ ထွက်ခွာ


SUDAN-POLITICS/SOUTHKOREA-EVACUATION
SUDAN-POLITICS/SOUTHKOREA-EVACUATION

တိုက်ပွဲတွေပြင်းထန်နေတဲ့ ဆူဒန်နိုင်ငံကနေ အမေရိကန်အပါအဝင် နိုင်ငံတချို့က နိုင်ငံခြားသားတွေ ထွက်ခွာနေကြပါပြီ။ Khartoum မြို့တော်မှာရှိနေတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ တရုတ်န်ိုင်ငံက သံတမန်တွေနဲ့ နိုင်ငံသားတွေ ဒီနေ့ကစတင် အဆင်ပြေပြေ ထွက်သွားနိုင်ကြဖို့ ကူညီပေးမှာဖြစ်တယ်လို့ ဆူဒန်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ သူတို့နိုင်ငံသားတွေ ဘေးန္တရာယ်ကင်းကင်း ဆူဒန်ကနေ ထွက်သွားနိုင်ဖို့ တောင်းဆိုနေတဲ့ နိုင်ငံတချို့က ခေါင်းဆောင်တွေနဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Abdel Fattah Burhan စကားပြောခဲ့တယ်လို့ ပြောပါတယ်။

Saudi Arabia သံရုံးက ဝန်ထမ်းအားလုံး Port Sudan ဆိပ်ကမ်းမြို့ကို ကုန်းကြောင်းနဲ့ သွားပြီး အဲဒီကနေ လေကြောင်းနဲ့ ထွက်ခွာသွားကြပါပြီ။ ဂျော်ဒန်နိုင်ငံ နိုင်ငံသားတွေလည်း အလားတူ ထွက်ခွာကြမယ်လို့ ဆူဒန်စစ်တပ်က ဒီနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ဆူဒန် စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ RSF ပြည်သူ့စစ်တပ်ခေါင်းဆောင် Mohamed Hamdan Dagalo က နိုင်ငံခြားသားတွေ ထွက်သွားနိုင်ဖို့ လေဆိပ်တွေကို ဖွင့်ပေးမယ်လို့ ကတိပြုခဲ့ပြီးနောက် စစ်တပ်ဘက်က ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။

အပြန်အလှန်တိုက်နေကြတဲ့ ၂ ဘက်လုံး ၃ ရက် အပစ်အခတ်ရပ်ဖို့ သဘောတူညီထားကြပေမဲ့ ဒီနေ့ စနေနေ့မှာလည်း Khartoum မြို့တော်မှာ ကြိုကြားတိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ Eid al-Fitr ပွဲတော်အတွက် သောကြာနေ့ကစပြီး ၃ ရက် အပစ်အခတ်ရပ်စဲပေးမယ်လို့ စစ်တပ်ရော ဆူဒန်ကို ထိန်းချုပ်နိုင်ဖို့ တိုက်နေတဲ့ RSF ပြည်သူ့စစ်အဖွဲ့ရောက ကြေညာချက်တွေ ထုတ်ပြန်ထားကြတာဖြစ်ပါတယ်။

စစ်ပွဲကြား ပိတ်မိနေသူတွေ ဘေးကင်းရာသွားနိုင်ကြဖို့နဲ့ ဆေးဝန်ထမ်းတွေအပါအဝင် အကူအညီတွေ ပေးနိုင်ဖို့ လူသားချင်းစာနာတဲ့ လမ်းကြောင်းဖွင့်ပေးပါလို့ WHO ကမာ္ဘ့ကျန်းမာရေးအဖွဲ့က တောင်းဆိုနေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က စတင်တဲ့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ ၄၀၀ ကျော်သွားပြီလို့လည်း WHO ကပြောပါတယ်။

XS
SM
MD
LG