သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံရုံးတချို့ ဒေါ်အောင်ဆန်းစုကြည်ကို ပုံတွေနဲ့ဂုဏ်ပြု


ယူကေမြန်မာသံရုံးက ထုတ်ပြန်ထားသည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရပုံ (Facebook/UK in Myanmar)
ယူကေမြန်မာသံရုံးက ထုတ်ပြန်ထားသည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရပုံ (Facebook/UK in Myanmar)

ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ၇၉ နှစ်ပြည့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံသံရုံးတချို့က သူတို့ရဲ့ Facebook လူမှုကွန်ရက်တွေပေါ်မှာ ပုံတွေတင်ပြီး ဂုဏ်ပြုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် ရှုတ်ချပြီး၊ သူနဲ့အတူ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်အစိုးရအနေနဲ့ ဆက်လက်တောင်းဆိုကြောင်း ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးရဲ့ Facebook လူမှုကွန်ယက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ စွပ်စွဲချက်တွေဆိုတာ ပေါ်လွင်ထင်ရှားတယ်လို့ ဗြိတိန်သံရုံးထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ရန်ကုန်အခြေစိုက် ဂျာမနီသံရုံး ရဲ့ Facebook လူမှုကွန်ယက်မှာလည်း အမျိုးသမီးတဦးရဲ့ ထုံးဖွဲ့ဆင်ယဥ်ထားတဲ့ ဆံပင်မှာ နှင်းဆီတပွင့် ပန်ဆင်ထားတဲ့ ပုံကိုတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုထားပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသူတွေအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်အားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်ကောင်စီကို တောင်းဆိုတိုက်တွန်းတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက VOA ကို မနေ့ ဇွန်လ ၁၈ ရက်နေ့က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းသပိတ်ဆင်နွှဲကြဖို့ ပြည်တွင်းသပိတ်အဖွဲ့တွေက တိုက်တွန်း လှုံ့ဆော်ထားတာနဲ့အညီ ရန်ကုန်မှာရှိတဲ့ နော်ဝေ၊ ဒိန်းမတ် စတဲ့ သံရုံးတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းအနီတွေစိုက်ထားတဲ့ ပန်းအိုးတွေကို သူတို့ရဲ့ လူမှုကွန်ရက်တွေမှာ ဒီကနေ့ တင်ထားကြပါတယ်။ ရန်ကုန်၊ မန္တလေးမြို့အပါအဝင် မြို့တချို့မှာလည်း အထိမ်းအမှတ် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာ လူငယ် အနည်းဆုံး ၂၂ ဦးကို စစ်ကောင်စီက မန္တလေးမြို့မှာ ဒီကနေ့ ဖမ်းဆီးခဲ့တယ်လို့ မန္တလေးကလာတဲ့သတင်းတွေမှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG