သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးများလာ


မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးများလာ
မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးများလာ

ဒီနှစ်ထဲ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၂ ဆကျော် မြင့်တက်လာတယ်ဆိုတဲ့ အစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စီးပွားရေး ပညာရှင်တချို့က သူတို့ရဲ့ အမြင်တွေကို ပြောပြပါတယ်။ ဒီ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံတွေက စွမ်းအင်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေးဘက်မှာ ပိုတိုးလာပေမဲ့ တကယ်တမ်း နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းကို ပိုပြီး များလာစေနိုင်တဲ့ ခရီးသွားလုပ်ငန်းလို၊ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းလို ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုက တိုးမလာပါဘူး။ မြန်မာနိုင်ငံက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အနေအထား၊ အခြေအနေကိုတော့ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၁၆,၀၀၀ ကနေ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာတော့ အမေရိကန်ဒေါ်လာ သန်း ၃၆,၀၀၀ ကျော်အထိ မြင့်တက်လာတယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ပါတယ်။ ဒီလို မြင့်တက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ စွမ်းအင်နဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ၂ ဆကျော် မြင့်တက်လာတာ ဖြစ်ပေမဲ့ တခြား စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနဲ့ ခရီးသွား လုပ်ငန်းတွေမှာတော့ သိသိသာသာ တိုးတက်လာတာ မတွေ့ရပါဘူး။

ရင်းနှီးမြှုပ်နှံမှုတွေမှာလည်း တရုတ်၊ ဟောင်ကောင်နဲ့ ထိုင်း စတဲ့ အာရှနိုင်ငံတွေဘက်က ပိုတိုးလာတာဖြစ်ပြီး အခုလို တိုးလာတာကလည်း အစိုးရသစ် အပြောင်းအလဲကြောင့် ဖြစ်တယ်လို့ စီးပွားရေး ပညာရှင် ဦးခင်မောင်ညိုက ပြောပါတယ်။

“၂ နှစ်ဆက်တိုက်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတယ်ပေါ့။ အထူးသဖြင့်ကတော့ ရွေးကောက်ပွဲ နောက်ပိုင်းမှာ အပြောင်းအလဲ တခုခု ဖြစ်မယ်လို့ တွက်ဆပြီး ရင်းနှီးမြှုပ်နှံမှုတွေ များလာတာ တွေ့ရတယ်။”

လျှပ်စစ်၊ စွမ်းအင်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေး လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှု ကြီးမားပြီး အကျိုးအမြတ်ကလည်း များတာကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက ပိုပြီး စိတ်ဝင်စားကြတာလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံတဲ့ သူကလည်း အဲဒါကို ပိုပြီး စိတ်ဝင်စားတာပေါ့။ လုပ်ငန်းရဲ့ သဘောသဘာဝကိုက အကြီးကြီး မြှုပ်နှံတာဆိုတော့ ပရောဂျက် တခုတခု ဝင်လိုက်ရင် တအား ထိုးတက်သွားတာပေါ့။”

ဒါပေမဲ့ မြန်မာနိုင်ငံသား အများစု အလုပ်လုပ်ကိုင်နေကြတဲ့ စိုက်ပျိုးရေး လုပ်ငန်းနယ်ပယ်၊ မွေးမြူရေး၊ ရေလုပ်ငန်း စတာတွေမှာတော့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စား ရင်းနှီးမြှုပ်နှံမှု နည်းပါးနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးသွားလာရေး ကဏ္ဍတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုတွေ ရရှိရေး အတွက်ကတော့ အချိန်ယူ လုပ်ဆောင်ရဦးမှာ ဖြစ်တယ်လို့လည်း ဦးခင်မောင်ညိုက ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံမှုလေးတွေက သေးသေးလေးတွေပဲ၊ ဟိုတယ်တို့ ဘာတို့က။ ရေရှည် စိုက်ပျိုးရေးဆိုတဲ့ ဟာကလည်း တကယ်တမ်းကတော့ ချက်ချင်း လက်ငင်းကြီး မဖြစ်ဘူး။ တချို့ဟာတွေက ထိုင်းနဲ့ နယ်စပ်မှာ စိုက်ပျိုးရေးလုပ်ဖို့ စီစဉ်တယ်။ ကုန်ချောထုတ် လုပ်ငန်းကတော့ စက်ရုံဆောက်ဖို့ ဆိုတဲ့ဟာတွေက အခုချိန်ထိ စိတ်ဝင်စားတာ နည်းနေသေးတာ တွေ့ရတယ်။”

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ၅ ဆကျော်အထိ ခုန်တက်လာခဲ့တာ ဖြစ်ပါတယ်။ အရင်က အမေရိကန်ဒေါ်လာ သန်း ၁,၈၀၀ ကျော် ရင်းနှီးမြှုပ်နှံမှု ရှိခဲ့တဲ့ တရုတ်က ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၉,၆၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။ အရင်က ထိုင်းနိုင်ငံက မြန်မာ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ တရုတ်နိုင်ငံက အများဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြတဲ့ ထိပ်တန်း ၆ နိုင်ငံကတော့ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ စင်ကာပူနိုင်ငံတို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG