သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြုှပ်နှံမှု ကော်မရှင် သီးသန့် ရပ်တည်မည်


ရန်ကုန်မြို့တွင်းက အထည်ချုပ်စက်ရုံ လုပ်ငန်းခွင် တခုမြင်ကွင်း။
ရန်ကုန်မြို့တွင်းက အထည်ချုပ်စက်ရုံ လုပ်ငန်းခွင် တခုမြင်ကွင်း။

မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှုကော်မရှင်ကို သီးခြားအစိုးရအေဂျင်စီတရပ်အနေနဲ့ ထားပြီး၊ ရင်းနှီးမြုှပ်နှံမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ပတ်သက်လို့ အစိုးရဝန်ကြီးဌာနအားလုံးကို ဆက်စပ်ဆောင်ရွက်သွားနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီအတွက် နိုင်ငံသားရင်းနှီးမြုှပ်နှံမှု ဥပဒေနဲ့ နိုင်ငံခြားသား ရင်းနှီးမြုှပ်နှံမှု ဥပဒေနှစ်ရပ်ကို ပေါင်းစပ်ပြီး၊ ရင်းနှီးမြုှပ်နှံမှု ဥပဒေတရပ်ဖြစ်လာဖို့ ရေးဆွဲနေပြီလို့ မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှုကော်မရှင် က ပြောပါတယ်။ ဒီ ဆောင်ရွက်ချက်တွေအပေါ်မှာ စီးပွားရေးပညာရှင်တွေဘက်က ကြိုဆိုလိုက်တဲ့အကြောင်း ဗွီအိုအေ သတင်းထောက် မမေခက မေးမြန်းစုံစမ်း သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန လက်အောက် မှာ ရှိနေတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှုကော်မရှင်ကို လာမယ့် အစိုးရသစ် လက်ထက်မှာ သီးခြား ရပ်တည်သွားဖို့ စီစဉ် သွားတော့ မှာဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေတခုကို ရေးဆွဲနိုင်ဖို့ လည်း ပြင်ဆင်နေပြီဖြစ်ပါတယ်။ ကော်မရှင်က တာဝန်ရှိသူတဦးရဲ့ အဆိုအရကတော့ ဒီရေးဆွဲနေတဲ့ မြန်မာနိုင်ငံရင်းနှီးမြုှပ်နှံမှု ဥပဒေဟာ နိုင်ငံသား ရင်းနှီးမြုှပ်နှံမှု ဥပဒေနဲ့ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှု ဥပဒေ၂ခုတို့ကိုပေါင်းပြီး တခုတည်းဖြစ်အောင် လုပ်မယ့် ဥပဒေတခုပါ။ ၈၀ ရာခိုင်နှုန်းလောက် ပြီးနေပြီဖြစ်တဲ့ ဒီဥပဒေမှာကို လာမယ့် အစိုးရသစ်ကျမှ လွှတ်တော်တင်သွားမှာပါ။

ဒီ့ပြင်ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပြင်ဆင်ချက် ထွက်ပေါ်လာခဲ့တဲ့ နိုင်ငံသား နဲ့ နိုင်ငံခြားသား ဥပဒေတွေမှာ ထပ်မံထည့်သွင်းခဲ့တဲ့ အချက်တခုဖြစ်တဲ့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာဘဲ ရင်းနှီးမြုှပ်နှံမှု လုပ်ငန်း ချပေးနိုင်ရေး အတွက် သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီးတွေမှာ ရင်နှီးမြုှပ်နှံမှုကော်မရှင်ခွဲတွေ ဖွင့်လှစ်ဖို့ကိုလည်း လုပ်ဆောင်နေတယ်လို့ ရင်းနှီးမြုှပ်နှံမှုကော်မရှင်က ပြောပါတယ်။ လက်ရှိမှာတော့ တိုင်းပြည်နယ် ၇ခုမှာ ကော်မရှင်ခွဲတွေ စတင်ဖွင့်လှစ်နိုင်ပြီ လို့လည်း ပြောပါတယ်။

ရင်းနှီးမြုပ်နှံမှုကော်မရှင်က ပြောဆိုချက်အရ နိုင်ငံခြားရင်းနှီးမြုှပ်နှံမှု ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အောက်နဲ့ မြန်မာနိုင်ငံသားရင်းနှီးမြုှပ်နှံမှုဆိုရင် ကျန်သန်း ၁၀၀၀ အောက် ဆိုရင် သက်ဆိုင်ရာ တိုင်းပြည်နယ်တွေမှာဘဲ လုပ်ပိုင်ခွင့်လျှောက် ထားနိုင်တော့မှာပါ။ ဒါပေမယ့် သတ်မှတ်ချက်တခုအနေနဲ့ တည်ဆဲ ဥပဒေမှာဖော်ပြထားတဲ့ လယ်ယာလုပ်ငန်း၊ ရေချိုငါးဖမ်းလုပ်ငန်းနဲ့ အသေးစားရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်း စတဲ့ လုပ်ငန်း ၁၈မျိုး ကို တိုင်းဒေသကြီးပြည်နယ်တွေကနေ လုပ်ပိုင်ခွင့် ပေးနိုင်မှာပါ။

ရန်ကုန်ကော်မရှင်ဗဟိုအနေနဲ့က ဒီပြောထားတဲ့ ပမာဏထက် ထပ်ရင်းနှီးလာတဲ့ လုပ်ငန်းတွေကိုသာ လုပ်ပိုင်ခွင့်ပေးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ လုပ်ငန်းတိုင်းက ကိုယ်ရနိုင်မယ့် ဥပဒေပါ အခွန်ကင်းလွတ်ခွင့်တွေ ကိုတော့ ရန်ကုန်ဗဟိုရုံးချုပ်မှာဘဲ လာလျှောက်ရမှာပါ။ ဒီအခွန်ကင်းလွတ်ခွင့်တွေကလည်း ဥပဒေထွက်လာပြီးနောက်ပိုင်းမှာ တသတ်မတ်တည်း ဖြစ်လာတော့မှာ ဖြစ်ပြီး ဇုံအလိုက် သတ်မှတ်ခံစားခွင့်တွေပေး သွားမယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ပြောပါတယ်။

ဒီလိုပြောင်းလဲ လုပ်ဆောင်မယ့် အပေါ် စီးပွားရေးပညာရှင် ဦးမော်သန်းကတော့ အခုလိုသုံးသပ်ပါတယ်။

" မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်ပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေနဲ့အနေနဲ့က independent minded ဖြစ်ပေါ့နော်။ ဝန်ကြီးဌာန တခုခုသော်လည်းကောင်း ဌာနတခုခုသော်လည်းကောင်း အစွဲအလမ်းမရှိပဲနဲ့ တကယ့်ကို ဓမ္မဓိဌာန်ကျကျ independent ဆိုရင် တိုင်းပြည်စီးပွားရေးအတွက် အများကြီး အထောက်အကူဖြစ် မှာပါ။ မြန်မာ ရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုပြီးတော့ ဒီဥပဒေက ကျောသား ၊ ရင်သား မခွဲပဲ လုပ်မှလည်းပဲ တကယ်ပဲ တိုင်းပြည်အတွက် တိုးတက်မှုရမှာ။ .ကာကွယ်ရေး အတွက်လည်း ထည့်စဉ်းစားရမှာပေါ့နော်။.. "

စီးပွားရေးလုပ်ငန်းရှင် တဦးလည်းဖြစ် မြန်မာနိုင်ငံကုန်သည်လုပ်ငန်းရှင်များ အသင်းက အတွင်းရေးမှူး ဦးအေးလွင်ကလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ရဲ့ ပြောင်းလဲမှုအပေါ် ခုလို သုံးသပ်ပြောဆိုလိုက်ပါတယ်။

"မှန်မှန်ကန်ကန် ထိရောက်တဲ့ အရေးယူမှု နဲ့ လွယ်ကူတဲ့ ဥပဒေတခုဖြစ်ဖို့လိုတယ်လို့ အန်ကယ်လ်ကတော့ အကြံပေးလိုတယ်။ နိုင်ငံခြားသားလည်း ရင်းနိုင်ရမယ်။ နိုင်ငံသားလည်း ရင်းနိုင်ရမယ်။ အဲ့ဥပဒေအပေါ်မှာလည်း ကျွမ်းကျင်ရမယ်။ နိုင်ငံတော်ကလည်း အဲ့ဥပဒေအတိုင်း လိုက်ပါဆောင်ရွက်နိုင်အောင် ထိန်းကျောင်းပေးရမယ်။ ဥပဒေဖောက်ရင်လည်း ဒီဥပဒေဖောက်ဖျက်သူကို ရဲရဲဝင့်ဝင့် အရေးယူနိုင်ရမယ်။ ဥပဒေအတိုင်း လိုက်နာတဲ့သူကို နိုင်ငံသားပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲဖြစ်ဖြစ် နိုင်ငံတော်က လိုအပ်သလို ချီးမြှောက်ပြီးတော့ အကာအကွယ်ပေးရမယ်ဆိုတဲ့ အလေ့အထတွေပြင်ဖို့လိုပါတယ်။ ကော်မရှင်က သီးခြားရပ်တည်နိုင်တဲ့ အဖွဲ့အစည်းဖြစ်ပြီးတော့မှ ဝန်ကြီးဌာနအသီးသီး ရဲ့ rule and regulation တွေကို Combine လုပ်ပြီးမှ Investors တွေကို ဆွေးနွေးနိုင်တဲ့ အဖွဲ့အစည်းတခုဖြစ်ဖို့ လိုတာပေါ့နော်။ "

ဒီလို မြန်မာနိုင်ငံရင်းနှီးမြုှပ်နှံမှု ဥပဒေထဲမှာ စားသုံးသူ ကာကွယ်ပေးရေး၊ နိုင်ငံသား အမည်ခံ နိုင်ငံခြားသားကုမ္ပဏီတွေကို ဖော်ထုတ်ရေး စတဲ့ လုပ်ငန်းတွေကို ဥပဒေတွေ ပြဌာန်းကာ ဥပဒေအရ အရေးယူနိုင်မယ့် လုပ်ဆောင်မယ့် အချက်တွေ အသေးစိတ် ပါဝင်ထားတယ်လို့ လည်း မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှုကော်မရှင် ကပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရင်းနှီးမြုှပ်နှံမှုကော်မရှင်ရဲ့ စာရင်းတွေအရ နိုင်ငံခြား ရင်းနှီးမြုှပ်နှံမှုမှာ တရုတ်၊ စင်္ကာပူနဲ့ ထိုင်းတို့က ဦးဆောင်လျက်ရှိပြီး ဒီနောက်မှာ ယူကေစတဲ့ အနောက်နိုင်ငံတွေကလည်း ပါတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှုကော်မရှင်ကပြောပါတယ်။

XS
SM
MD
LG