သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက လူမှောင်ခိုမှုနဲ့ ပြဿနာပေါင်းစုံ ဖြေရှင်းရေး မလေးရှားကတိပြု

မလေးရှားနိုင်ငံ လန်ကာဝီအပမ်းဖြေကျွန်း (Langkawi Island,) မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး (Azneal Ishak/Pool via REUTERS)
မလေးရှားနိုင်ငံ လန်ကာဝီအပမ်းဖြေကျွန်း (Langkawi Island,) မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး (Azneal Ishak/Pool via REUTERS)

ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လူမှောင်ခိုမှု ထိန်းချုပ်ဖို့ ကိစ္စတွေ အပါအဝင် မြန်မာနိုင်ငံ အကျပ်အတည်းကို တစိုက်မတ်မတ် ဖြေရှင်းမယ့်အကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံက လူမှောင်ခိုမှု၊ အွန်လိုင်းလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက စိုးရိမ်ပူပမ်လာကြသလို၊ မလေးရှား အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာနေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan ကို ကိုးကားပြီး မလေးရှားနိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ အခြေစိုက်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်ထဲ ရောက်နေတယ်လို့ ယုံကြည်ထားတဲ့ မလေးရှားနိုင်ငံသား ၂၂ ယောက် ပြန်လည်လွတ်မြောက်ရေး ထိုင်းနိုင်ငံနဲ့ အနီးကပ် လက်တွဲကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့လထဲ မလေးရှားနိုင်ငံ လန်ကာဝီအပမ်းဖြေကျွန်းမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာလည်း မြန်မာ့အရေးကို အာရုံစိုက်ဆွေးနွေးခဲ့ကြပြီး ပဋိပက္ခတွေကို ရပ်ကြဖို့၊ သက်ဆိုင်သူအားလုံးကို တိုက်တွန်းခဲ့တယ်လို့လည်း ပြောဆိုခဲ့တာပါ။ အဖွဲ့ဝင်နိုင်ငံတွေရဲ့အရေးကို ဝင်မစွက်ဖို့ အာဆီယံရဲ့ မူဝါဒကို ကိုင်စွဲထားပေမဲ့ မြန်မာနိုင်ငံ ပြဿနာဟာ နယ်စပ်တွေကိုပါ ကျော်လွန် ရိုက်ခတ်လာနေတယ်လို့လည်း သတိပေးခဲ့ပါတယ်။

စစ်ကောင်စီက စီစဉ်နေတဲ့ ရွေးကောက်ပွဲကိုလည်း မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြန်လည်တည်ငြိမ်မှသာ စဉ်းစားသင့်တယ်လို့ တိုက်တွန်းခဲ့တာပါ။ မြန်မာနိုင်ငံ အနာဂတ်ကို မြန်မာပြည်သူတွေ ဆုံးဖြတ်ရမှာဖြစ်ပြီး၊ အာဆီယံရဲ့ အဓိကဦးစားပေးကတော့ အကျပ်အတည်းတွေ အဆုံးသတ်ဖို့ ဖြစ်ကြောင်းလည်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG