သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံနဲ့ ကျန်ကမ္ဘာ့နိုင်ငံများ ဆက်သွယ်ရေး မြန်မာ သမ္မတ တိုက်တွန်း


အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဖွင့်ပွဲ မြန်မာသမ္မတဦးသိန်းစိန် တက်ရောက်။ (သြဂုတ် ၈၊ ၂၀၁၄)
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဖွင့်ပွဲ မြန်မာသမ္မတဦးသိန်းစိန် တက်ရောက်။ (သြဂုတ် ၈၊ ၂၀၁၄)

အာဆီယံရဲ့ ပေါင်းစည်းမှု တူညီတဲ့ အခွင့်အလမ်းတွေနဲ့ စွမ်းရည်ပြည့်ဝတဲ့ ဒေသ အဖြစ် ရှေ့ရှုပြီး ကျန်ကမ္ဘာနိုင်ငံတွေနဲ့ ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေး မဟာ စီမံကိန်း တရပ် အကောင်အထည်ဖော်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ အာဆီယံ ဒေသတွင်း နျူကလီးယား ကင်းမဲ့ရေး နည်းလမ်းတွေကိုလည်း အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ ညှိနှိုင်းနိုင်ခဲ့ကြပါတယ်။ ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပရာ နေပြည်တော်ကနေ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။

အာဆီယံဒေသတွင်းနဲ့ ကမ္ဘာ့တခြားနိုင်ငံတွေ အကြား ဆက်သွယ်ရေး မဟာ စီမံကိန်းကြီး တစ်ရပ်ကို မဖြစ်မနေ ထူထောင်ဖို့ အရေးကြီးတယ် လို့ မြန်မာသမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ ၄၇ကြိမ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့ အခမ်းအနားနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားမှာ သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောကြားရင်း အခုလို တိုက်တွန်းလိုက်တာပါ။

"အာဆီယံနိုင်ငံအချင်းချင်းမှာ လည်းကောင်း၊ ကျန် ကမ္ဘာ့နိုင်ငံများ အကြားမှာ လည်းကောင်း၊ ချောမွေ့စွာ ဆက်သွယ်နိုင်မယ့် အာဆီယံဆက်သွယ်ရေး မဟာစီမံကိန်းကို မဖြစ်မနေ အကောင်အထည်ဖော်ကြဖို့ ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ရုပ်ဝတ္တု အခြေခံ အဆောက်အအုံများ ဆက်သွယ်မှု၊ ပြည်သူများအချင်းချင်း ဆက်သွယ်မှုနဲ့ အဖွဲ့အစည်းဆိုင်ရာ အချင်းချင်း ဆက်သွယ်မှုများ ပါဝင်ပြီး ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ငွေကြေး လိုအပ်ချက် များစွာ ရှိတဲ့အတွက် အစိုးရအချင်းချင်း ဖြစ်စေ၊ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများမှဖြစ်စေ ရရှိအောင် ကြိုးပမ်းကြရမှာဖြစ်ပြီး ပြည်သူပိုင် ကဏ္ဍနဲ့ ပုဂ္ဂလိက ကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှုကနေ ငွေကြေးရရှိအောင် ဆောင်ရွက်ပြီး ဦးစားပေးအကောင်အထည်ဖော်သွားကြရမှာဖြစ်ပါတယ်။"

အာဆီယံအသင်းကြီးအနေနဲ့ ကမ္ဘာတဝှမ်းရင်ဆိုင်နေရတဲ့ ဥတုရာသီဖောက်ပြန် မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်ကျရောက်မှုတွေကို ကြိုတင်ကာကွယ်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြပါရန်လည်း တိုက်တွန်းလိုက်ပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေး မုန်းတီးမှု အာဃာတတွေ အစွမ်းရောက်မှုတွေရဲ့ နောက်ကွယ်က အကြောင်းတွေကို ဖော်ထုတ်ဖို့ လိုအပ်တယ်လို့လည်း သမ္မတ ဦးသိန်းစိန်က အခုလိုတိုက်တွန်းပါတယ်။

" ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာဝပြောစေရန် အတွက် ဘာသာရေး၊ လူမျိုးရေးတွေမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ သဟဇာတမျှတမှု၊ သည်းခံစိတ်များ မြှင့်တင်မှု တို့ကို အလေးထား ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ အစွမ်းတရားများ ကို ရှောင်ရှားပြီး ငြိမ်းချမ်းစွာ နေထိုင်လိုမှု၊ မေတ္တာစေတနာ စိတ်ထားကို လွှမ်းမိုးစေရမှာဖြစ်ပါတယ်။ တချိန်တည်းမှာ ဒီဝါဒများ ထွန်းကားလာမှု အတွက် နောက်ကွယ်အကြောင်းအရာများကို လေ့လာဖော်ထုတ်ဖြေရှင်းပေးသွားကြရမှာဖြစ်ပါတယ်။"

ဒီကနေ့ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အရှေ့တောင်အာရှ ဒေသ နျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန် စာချုပ်ကော်မရှင် အစည်းဝေးတရပ်ကိုလည်း ကျင်းပခဲ့ပါတယ်။ အဲ့ဒီ့ အစည်းအဝေး ကနေ ကော်မရှင်အဖွဲ့ဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကနေ စာချုပ်ရဲ့ Protocol လုပ်ထုံးလုပ်နည်းကို နျုကလီးယားလက်နှက် ပိုင်ဆိုင်တဲ့နိုင်ငံတွေ က ခြွင်းချက် ထားတာမရှိဘဲနဲ့ လက်မှတ်ရေးထိုးနိုင်ရေးအတွက် အဲဒီနိုင်ငံတွေနဲ့ ဆက်လက်ထိတွေ့ဆက်ဆံသွားဖို့ အဆင့်မြင့် သံတမန်ကြီးတွေကို တာဝန်ပေးအပ်လိုက်တယ်လို့ အိမ်ရှင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

တစ်ဆက်ထည်းမှာပဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မျက်နှာစုံညီ အစည်းအဝေး အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အာဆီယံအစိုးရခြင်းဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်တွေရဲ့ အစည်းအဝေးနဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အလွတ်သဘော အစည်းဝေးတွေကိုလည်း ကျင်းပခဲ့ပါတယ်။

ဩဂုတ်လ ၁၀ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ARF ခေါ် အာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ အစည်းအဝေးကို မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Su Yong နဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မယ့် ကိစ္စနဲ့ ပါတ်သက်လို့ မြန်မာပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အခုလို အတည်ပြုပါတယ်။

"မြောက်ကိုရီးယားက နကိုထည်းက သူက ARF အဖွဲ့ဝင်ပေါ့။ ဒီအချိန်မှာတော့ သူလာတက်မယ်ဆိုရင် ကျနော်တို့ ARF မှာလည်း အဓိကထားဆွေးနွေးမယ့်အထဲမှာလည်း ကိုရီးယားကျွန်းစွယ် တည်ငြိမ်အေးချမ်းရေး နဲ့ ကိုရီးယားကျွန်းစွယ်မှာ အနုမြူ ကင်းမဲ့ဇုန်ဖြစ်ရေး ကိစ္စကို ဒါ ARF ဘောင်ထဲကနေ အမြဲတမ်းဆွေးနွေးနေတာပေါ့။ အာဆီယံလည်း အဲဒီကိစ္စကို ထောက်ခံထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ ARF မှာ သူတို့နဲ့ ဒီကိစ္စကို ပြောဖြစ်လိမ့်မယ် ထင်ပါတယ်။"

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Su Yong တက်ရောက်မယ့် ARF ခေါ် အာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲအစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့လည်း တက်ရောက်မှာဖြစ်တဲ့အတွက် အဲ့ဒီ အစည်းအဝေးကို နိုင်ငံတကာ ကနေ အထူးအာရုံစိုက်ပြီးတော့ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

XS
SM
MD
LG