သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွာလ္လာမ်ပူမြို့ မြန်မာအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသား ၅၀၀ ကျော် ဖမ်းဆီးခံရ


မလေးရှားနိုင်ငံ၊ ကွာလ္လာမ်ပူမြို့မှာ မလေးရှားဌာနစုံစစ်ဆင်ရေးနဲ့ ရှောင်တခင် ရှာဖွေဖမ်းဆီးထားခံရတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားများ။ (ဓာတ်ပုံ-မလေးရှားလဝက/ဒီဇင်ဘာ ၂၁၊ ၂၀၂၃)
မလေးရှားနိုင်ငံ၊ ကွာလ္လာမ်ပူမြို့မှာ မလေးရှားဌာနစုံစစ်ဆင်ရေးနဲ့ ရှောင်တခင် ရှာဖွေဖမ်းဆီးထားခံရတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားများ။ (ဓာတ်ပုံ-မလေးရှားလဝက/ဒီဇင်ဘာ ၂၁၊ ၂၀၂၃)

မလေးရှားနိုင်ငံမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့က Kuala Lumpur မြို့ Kota Raya အနီးမှာ လ၀က၊ စစ်တပ်၊ ရဲဝန်ထမ်းနဲ့အဖွဲ့စုံ ဋ္ဌာနဆိုင်ရာ အင်အား ၁,၀၀၀ သုံးပြီး နိုင်ငံခြားသားအများစု အလုပ်လုပ်နေတဲ့နေရာတွေ၊ နိုင်ငံခြားသားတွေအသွားအလာများတဲ့ဈေးဆိုင်၊ ဆေးခန်း၊ ခရီးသွားအေးဂျင့်လုပ်ငန်းတွေရှိရာတွေမှာ လမ်းသွားလမ်းလာတွေပါမကျန် အော်ပရာစီစစ်ဆင်ရေးနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဒီထဲမှာ မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ နီပေါ စတဲ့လူ ၅၀၀ ကျော် ဖမ်းဆီးခဲ့တယ်လို့ မလေးရှား လဝက-က သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ Kota Raya အနီးမှာ လ၀က၊ စစ်တပ်၊ ရဲဝန်ထမ်းနဲ့အဖွဲ့စုံ ဋ္ဌာနဆိုင်ရာအင်အား ၁,၀၀၀ သုံးပြီး နိုင်ငံခြားသားအများစု အလုပ်လုပ်တဲ့နေရာတွေ၊ နိုင်ငံခြားသားတွေ သွားလာနေကျဈေးဆိုင်တွေ၊ ဆေးခန်းတွေ၊ တရားမဝင် အရက်ရောင်းတဲ့နေရာတွေ၊ တရားမဝင် ဖွင့်ထားတဲ့ရုံးခန်းတွေ စတဲ့နေရာအသီးသီးကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးမှုမှာ စစ်တပ်အင်အား၊ လက်နက်အပြည့်အစုံနဲ့ အော်ပရာစီ စစ်ဆင်ရေးလုပ်ခဲ့ကြောင်း ကွာလာလမ်ပူက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးထက်သိန်းကပြောပါတယ် ။

“မြို့လယ်ခေါင် တည့်တည့်ကြီးပေါ့။ အဲဒီနေရာကြီးက မကြာခဏ အော်ပရာစီဝင်တတ်တယ်။ ဒါပေမယ့် ဒီနေ့ဝင်တာက စစ်သားတွေက လက်နက်အပြည့်အစုံနဲ့ စစ်ဆင်ရေးနယ်မြေတခုကို ဝင်သလိုဝင်တာပါ။ ဝင်တဲ့အထဲမှာ လ၀ကလည်းပါမယ်။ များသောအားဖြင့် စစ်သားတွေများတယ်။ လက်နက်အပြည့်အစုံနဲ့အင်အား ၁,၀၀၀ နဲ့ဝင်တာလို့ပြောတယ်။ ဖမ်းမိတာက လူ ၅၀၀ လောက်ကိုဖမ်းလိုက်တယ်။ အထောက်အထားမရှိသူတွေကိုဖမ်းတယ်။ မြန်မာတွေ၊ ဘင်္ဂလားဒေ့ရှ်တွေ၊ တခြားနိုင်ငံသားတွေပါတယ်။ သူတို့တွေကို ရဲသင်တန်းကျောင်းလို့ခေါ်တဲ့နေရာတခုလို့ ခေါ်မလား။ အဲဒီအဆောက်အဦးတခုထဲကို အထောက်အထားတွေ၊ စိစစ် စစ်ဆေးဖို့အတွက်ခေါ်သွားတယ်။”

မနက်ပိုင်းကစပြီး နာရီ ၃ နာရီထက်မနည်း အော်ပရာစီစစ်ဆင်ရေးလုပ်ခဲ့ပြီး မြန်မာတွေလည်းအဖမ်းခံရကြောင်း မလေးရှားမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဟာ အဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရမှာ စိုးရိမ်နေရတယ်လို့လည်းပြောပါတယ်။

“၁၁ နာရီဝန်းကျင်ကနေစလိုက်တာ နေ့လယ် ၂ နာရီလောက်ထိ အဖမ်းဆီးစစ်ဆေးတယ်။ ဒီမှာရောက်နေတဲ့ နိုင်ငံရေးသမားတွေ၊ CDM တို့၊ နိုင်ငံရေးသမားတွေကလည်း ဒီလိုပဲ။ အလုပ်မလုပ်ရင်လည်း အိမ်မှာနေတဲ့စားစရိတ်တွေကလည်း ဘယ်သူမှ ထောက်ပံ့ထားတာမဟုတ်တော့ ဒီလိုပဲအလုပ်တွေခိုးလုပ်၊ အဖမ်းခံရနဲ့ ဒီလိုပဲဇာတ်သိမ်းနေရတာ။”

အဖမ်းခံရသူတွေမှာ ဘင်္ဂလားဒေ့ရှ်တွေကများပြီး မြန်မာတွေလည်းအဖမ်းခံရပါတယ်။ အဖမ်းခံရသူအများစုဟာ တရားမဝင်အရက်,ဘီယာတွေရောင်းချတာ၊ ကျန်းမာရေးဌာနခွင့်ပြုချက်မရှိဘဲ ဆေးခန်းဖွင့်ထားတာ၊ ဆေးပစ္စည်းတွေရောင်းချနေတာ၊ အထောက်အထားပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့အတွက်ကြောင့် အဖမ်းဆီးခံရတယ်လို့လည်း မလေးရှားရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG