သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို မလေး မြန်မာ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံ


အင်ဒိုနီးရှားကျွန်းတွေကို ဆိုက်ရောက် လာတဲ့ လှေစီးပြေးဒုက္ခသည်များ။
အင်ဒိုနီးရှားကျွန်းတွေကို ဆိုက်ရောက် လာတဲ့ လှေစီးပြေးဒုက္ခသည်များ။

ပင်လယ်ပြင် ထဲမှာ လှေတွေနဲ့ မျောပါနေကြ တဲ့ လှေစီးပြေးတွေကို ကယ် တင်နိုင်ရေး အတွက် မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတွေ နေပြည်တော် ကို လာရောက်ပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီး နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။ မြန်မာ့ရေပိုင်နက် ထဲမှာ လှေစီးပြေး ဒုက္ခရောက်နေ သူတွေရှိခဲ့ရင် မြန်မာ အစိုးရဘက်က ကယ်တင်ဖို့ အဆင်သင့်ရှိပြီး လတ်တလော အခြေအနေ မှာတော့ မြန်မာ့ရေပိုင်နက် ထဲမှာ လှေစီးပြေး ဒုက္ခသည်တွေ မရှိဘူးလို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တဲ့ အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီကနေ့ လှေစီးပြေး ဒုက္ခသည်တွေ အရေး နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ နေပြည်တော်က ဆွေးနွေးပွဲကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတို့ကနေ လူကုန်ကူးသူတွေရဲ့ အစီအစဉ်နဲ့ ပင်လယ်ပြင်ကို လှေတွေနဲ့ ဖြတ်ပြီး မလေးရှားနိုင်ငံဆီ ဝင်ရောက်ကြဖို့ ကြိုးစားရင်း ကမ်းမကပ်နိုင်ဘဲ ပင်လယ်ထဲမှာ ရှိနေကြတဲ့ ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ကို ကယ်တင်နိုင်ရေး အတွက် ဒီကနေ့မှာဘဲ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတွေ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော် မှာ လာရောက်တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"Most Concerned ကတော့ ဒုက္ခရောက်နေတဲ့သူတွေကို ကယ်တင်ပေးဖို့ပါပဲ။ တခြားကတော့ သူတို့ထုတ်ပြန်ချက်မှာ ပါပါတယ်။ သူတို့ Root Cause တွေ ဘာတွေ Identify လုပ်ဖို့ပါပဲ။ ကျနော်တို့ ရေရှည်လုပ်သွားရမယ့်အပိုင်းဖြစ်ပါတယ်။ Root Cause က ဘယ်နိုင်ငံက ထွက်လဲ။ ဘာကြောင့်ထွက်လဲ။ Root Cause က ဘာလဲ။ ဒါတွေ ဘယ်လို ဝိုင်း Address လုပ်ကြမလဲ။ စသည်အားဖြင့်တော့ ရှိတာပေါ့နော်။

ရုပ်မြင်ထဲမှာလည်း တွေ့ပါလိမ့်မယ် ကျနော်တို့ မြန်မာပြည်ဘက်ကလို့ဆိုတဲ့ လူအချိုးအစား ဟာလှေစီးဒုက္ခသည်တွေမှာ အများကြီး နည်းပါတယ်။ တဖက်နိုင်ငံက လူတွေဟာ အများအပြားဆိုတာ ကိန်းဂဏန်းတွေက ထင်ရှားပါ တယ်။ ပြီးတော့ ကျနော်တို့ ရေပြင် မှာ ဒါမျိုး ရှိမရှိလည်း ကျနော်တို့ ဒါ တပ်မတော်ရေ အနေနဲ့ အမြဲတမ်း Patrol လုပ်ပြီး ကြည့်နေပါတယ်။ တွေ့ပြီ ဆိုရင်လည်း ကျနော်တို့အနေနဲ့ Humanitarian Assistance ပေးဖို့ အဆင်သင့်ရှိနေပါတယ်။"

အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးတွေဘက်က ဆွေးနွေးခဲ့တဲ့ အချက်တွေကိုလည်း ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက အခုလို ပြောပါတယ်။

" ကပ္ပလီ ပင်လယ်တို့ မလက်ကာရေလက်ကြားတို့ မှာ Boat People တွေ ဘာတွေ ရှိတာ Concerned ရှိတာပေါ့နော်။ သူတို့ဘက်က သုံးနိုင်ငံ ပူးတွဲကြေညာချက်လည်း ရှိခဲ့တာပေါ့။ အင်ဒိုနီးရှားနဲ့ မလေးရှားဆိုရင် ယာယီလက်ခံမယ် တစ်နှစ်။ ပြီးတော့ နိုင်ငံတကာ အကူအညီပေးရမယ်။ စသည်အားဖြင့် သူတို့ဆောင်ရွက် ချက်လေးတွေ။ ယာယီ shelter ပေးမှာပေါ့နော်။ temporary shelter ပေးမယ် စသည်အားဖြင့် ဒီအချက်လေးတွေ ပါတာလည်း သူတို့ရှင်းပြပါတယ်။

ကျနော်တို့ဘက်ကတော့ ကျနော်တို့ နိုင်ငံခြားရေးမှာလည်း သတင်းထုတ် ထားပြီးပါပြီ။ ကျနော်တို့ရပ်တည်ချက်ကို ကျနော်တို့ကတော့ နိုင်ငံတကာ အသိုက်အဝိုင်းနည်းတူ ဒီလိုလှေစီးဒုက္ခသည်တွေ ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့ဆိုတဲ့ ကိစ္စကို ကျနော်တို့ စိုးရိမ်ပါတယ်။ ထပ်တူထပ်မျှ လူသားချင်းစာနာမှု ရှု့ထောင့် က။ နောက်ပြီးတော့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ကြေညာချက်ကိုလည်း အထူးပဲ ကျေနပ်မိကြောင်း ပြောပါတယ်။ ကျနော်တို့ရဲ့ သဘောထားရပ်တည်ချက်ကို သိရတဲ့ အတွက် ရှင်းရှင်းလင်းလင်း သိရတဲ့အတွက် ကျေနပ်ပါတယ် ဆိုတာ ပြောပါတယ်။

ကျနော်တို့အနေနဲ့ကတော့ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ အတတ်နိုင်ဆုံး လုပ်သွားမယ်ဆိုတာ ပြောခဲ့ပါတယ်။ ကျနော်တို့ပြည်ထောင်စုဝန်ကြီးက။ "

ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို ယာယီလက်ခံဖို့၊ အကူအညီပေးဖို့ အတွက် ဗုဒ္ဓဟူးနေ့က ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား သုံးနိုင်ငံ သဘော တူညီခဲ့ကြတဲ့ အချက်ကိုလည်း ကြာသပတေးနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ သုံးနိုင်ငံ သဘော တူညီချက် အရ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့က လှေစီးပြေး ဒုက္ခသည်တွေကို တနှစ် ယာယီ လက်ခံမှာ ဖြစ်ပြီး ဒီ ယာယီလက်ခံထားတဲ့ ၁ နှစ်အတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီလူတွေကို နေရပ်ရင်းတွေ ပြန်ပို့ဖို့ လုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

မြန်မာ အစိုးရဘက်ကတော့ လှေစီးပြေး ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံက လူတွေလို့ သေချာရင် ပြန်လည်ခေါ်ယူဖို့ ပြောထားပြီး ဖြစ်သလို နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြနေကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဆိုတဲ့ အသုံးအနှုန်း ကိုလည်း လက်မခံတဲ့ အကြောင်း ပြောထားပြီး ဖြစ်ပါတယ်။ မြန်မာ အစိုးရ အနေနဲ့ ရိုဟင်ဂျာ ဆိုတာကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုမ ထား တာကြောင့် နိုင်ငံတကာ နဲ့ လှေစီးပြေး ဒုက္ခသည် အရေး ဆွေးနွေးမှုတွေမှာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း သုံးစွဲလာရင် ဆွေးနွေးမှာ မဟုတ်ဘူးလို့လည်း အစိုးရက ယတိပြတ် ပြောဆိုထားပြီးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG