သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာ အလွဲှအပြောင်း ချောမွေ့ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း


မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ အနိုင်ရပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု။ (ဒီဇင်ဘာလ ၂၊ ၂၀၁၅)
မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ အနိုင်ရပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု။ (ဒီဇင်ဘာလ ၂၊ ၂၀၁၅)

နိုင်ငံတော်အကြီးအကဲ တာဝန်လွဲှပြောင်းရေး အတွက် နိုင်ငံတော်အစိုးရ နဲ့ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီတို့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွေ ဖွဲ့စည်းထားပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး က သတင်းထုတ်ပြန်ပါတယ်။ NLD ပါတီက အသွင်ကူးပြောင်းရေး အဖွဲ့ဝင် ကတော့ နောက်တပတ်မှာ နှစ်ဖက်ကော်မတီ အစည်းဝေး ကျင်းပပြီးချိန်မှာ လက်ရှိဆောင်ရွက်တာတွေကို သိနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။ ဒီသတင်း ကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ အရင်က အစဉ်အလာ မရှိသေးတဲ့ နိုင်ငံတော် အကြီးအကဲတာဝန် စနစ်တကျလွဲှပြောင်းပေးတဲ့ အစဉ်အလာကောင်းတရပ် ထူထောင်ဖို့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလ ၂ရက်နေ့ တွေ့ဆုံဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။

ဒီဆွေးနွေးခဲ့တဲ့ အချက်တွေကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အတွက် နိုင်ငံတော် အစိုးရဘက်က နိုင်ငံတော်အကြီးအကဲတာဝန်လွဲှပြောင်းမှု အထောက်အကူပြုကော်မတီ ကို ဖွဲ့စည်းခဲ့သလို NLD ပါတီဘက်ကလည်း အသွင်ကူးပြောင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

အစိုးရဖက်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်လွဲှပြောင်းမှု အထောက်အကူပြုကော်မတီမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန် ထားပါတယ်။

လက်ရှိ လုပ်ငန်းဆောင်ရွက်ထားတဲ့အခြေအနေတွေကို မေးမြန်းနိုင်ဖို့ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း ကိုဆက်သွယ်ရာမှာ အစည်းအဝေးမှာရောက်ရှိနေသလို နဲ့ ဦးရဲထွဋ်ကို ဆက်သွယ်ရာမှာလည်း ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

NLD ပါတီဘက်ကတော့ အသွင်ကူးပြောင်းရေးအဖွဲ့ကို အဖွဲ့ဝင် ၆ဦးနဲ့ ဖွဲ့စည်းပြီး နိုင်ငံတော် အကြီးအကဲ တာဝန် လွဲှပြောင်းမှု အထောက်အကူပြုကော်မတီ နဲ့ နောက်တပတ်မှာ ကျင်းပမယ့် အစည်းအဝေး အပြီးမှာ လက်ရှိလုပ်ငန်းဆောင်ရွက် တာတွေကို သိရှိနိုင်မှာဖြစ်ကြောင်း အသွင်ကူးပြောင်းရေး အဖွဲ့ ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

" ဖွဲ့ပြီးပြီ။ ဖွဲ့ပြီးပြီ။ ကျနော်ရယ် ဒေါက်တာမျိုးအောင် ရယ် ဒေါက်တာအောင်သူ ရယ် နောက် လွှတ်တော်ကိုယ်စားလှယ် သုံးယောက် ပါဦးမယ်။ သူတို့နဲ့ဆွေးနွေးပြီးတော့မှ နောက်အပတ်မှာ အစည်းအဝေးလုပ်ပြီးမှ ဆောင်ရွက် ရမှာတွေ သိမယ်။"

အစည်းအဝေးအပြီးမှာ သတင်းထုတ်ပြန်ဖို့ လိုအပ်မှသာ သတင်းထုတ်ပြန် သွားမှာဖြစ်ကြောင်းလည်း ဦးဝင်းထိန်က ပြောပါတယ်။

လောလောဆည်မြန်မာပြည်သူအချို့အကြားမှာတော့ အာဏာလွဲှပြောင်းရေးအတွက် စိုးရိမ်သူတွေ ရှိသလို ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန်ယူရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆောင်ရွက်ဖို့ လိုလားသူတွေလည်း ရှိနေပါတယ်။

မြန်မာ့နိုင်ငံရေးသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းကတော့ လက်ရှိဆောင်ရွက်နေမှုတွေ အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

"တခုတော့ရှိတယ်ဗျ။ အာဏာလွှဲပြောင်းရေးက အာဏာလွှဲပြောင်းရေး သပ်သပ် ဆိုရင်တော့ အာဏာလွှဲပြောင်းရေးက မဖြစ်စရာ အကြောင်းမရှိဘူး။ အဲ့လိုမဟုတ်ပဲနဲ့ အာဏာလွှဲပြောင်းရေးတင်မကပဲနဲ့ အခြေခံဥပဒေပြင်ဆင်ရေးရော အကုန်လုံးကို တခါတည်း လုပ်မယ်ဆိုရင်တော့ ချက်ခြင်း အဖြေက ရမှာမဟုတ်ဘူး။ တချို့က သိပ်ပြီးတော့ ဖြစ်စေချင်တာတွေ များနေတာပေါ့လေ။ အဲ့တော့ ကျနော်တို့ ဖြစ်စေချင် တာကတော့ အာဏာ လွှဲပြောင်းရေး သပ်သပ်ကို အရင်ဆုံး စလုပ် ကျန်တဲ့ အခြေခံဥပဒေကို တဖြေးဖြေး လုပ်ပေါ့။ အဲ့သလို သွားကြရင်တော့ ပိုအဆင်ပြေလိမ့်မယ် ထင်တာပဲ။"

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကတော့ လက်ရှိ လွှတ်တော်သက်တမ်းကုန်ဆုံးချိန်မှာ လွှတ်တော် အသစ်ခေါ်ယူနိုင်ရေးအတွက် လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယက နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ အခြား တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။

လက်ရှိ လွှတ်တော်သက်တမ်းဟာ လာမယ့်နှစ် ဇန်နဝါရီလ ၃၀ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိ နိုင်ငံတော်အစိုးရသက်တမ်းကတော့ လာမယ့် နှစ် မတ်လ ၃၀ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG