သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတဟောင်း မော်စီ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး


ရာထူးကဖြုတ်ချခံထားရတဲ့ အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီကို ပထမအကြိမ် ရုံးထုတ်စစ်ဆေးချိန်မှာ အမှုတွဲများနဲ့အတူ တွေ့ရစဉ်။ (နိုဝင်ဘာ ၄၊ ၂၀၁၃)
ရာထူးကဖြုတ်ချခံထားရတဲ့ အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီကို ပထမအကြိမ် ရုံးထုတ်စစ်ဆေးချိန်မှာ အမှုတွဲများနဲ့အတူ တွေ့ရစဉ်။ (နိုဝင်ဘာ ၄၊ ၂၀၁၃)
ရာထူးကနေ အဖယ်ရှားခံခဲ့ရတဲ့ အီဂျစ်သမ္မတ Mohamed Morsi က တနင်္လာနေ့မှာ သူ့အမှုကိုစပြီး ရုံးတင်စစ်ဆေးတာကို ကန့်ကွက်လိုက်ပြီး သူဟာ အခုထိ အီဂျစ်နိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် ရှိနေဆဲပဲလို့ ပြောကြားလိုက်ပါတယ်။

အီဂျစ်တရားရုံးထုံးစံအတိုင်း တရားခံတွေ ဝတ်ဆင်ရတဲ့ အဖြူရောင်ဝတ်စုံကို မစ္စတာမော်စီက ဝတ်ဆင်ဖို့ ငြင်းဆန်နေတာကြောင့် တနင်္လာနေ့ ကြားနာမှု စတင်ဖို့ ကြန့်ကြာခဲ့ရသလို သူနဲ့တပါတည်း တရားစွဲဆိုတာခံနေရသူတွေက ကန့်ကွက်ကြောင်း သံပြိုင်အော်ဟစ်နေကြတဲ့အတွက် စစ်ဆေးမှုဟာ မိနစ်ပိုင်းပဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့အမှုကို ဇန္နဝါရီလ ၈ ရက်နေ့မှ ပြန်စစ်မယ်လို့ တရားသူကြီးက ပြောကြားခဲ့ပါတယ်။

တကယ်ဆိုရင် သူ့ကိုတရားစွဲရမှာမဟုတ်ဘဲ အာဏာသိမ်းတဲ့ စစ်ခေါင်းဆောင်တွေကိုသာ တရားစွဲသင့်တယ်လို့ ဖြုတ်အချခံခဲ့ရတဲ့ သမ္မတမော်စီက ရုံးတော်မှာပြောကြားခဲ့ပါတယ်။ စစ်တပ်က သူ့ကို ဇူလိုင်လကတည်းက ရာထူးကနေ ဖယ်ရှားခဲ့ပြီးတဲ့နောက်ပိုင်း ဒါဟာ မစ္စတာမော်စီ့ကို ပထမဆုံးအကြိမ်အဖြစ် လူထုက တွေ့မြင်ရတာဖြစ်ပါတယ်။

မစ္စတာမော်စီနဲ့ သူ့အမှုနဲ့တွဲနေတဲ့ တခြား ၁၄ ဦးတို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲ အီဂျစ်သမ္မတနန်းတော် အပြင်ဘက်မှာ အဓိကရုဏ်းတွေ ဖြစ်ပွားစေမှုနဲ့ လူသတ်မှုတွေကျူးလွန်ခဲ့မှုတွေအတွက် အပြစ်ရှိတယ်လို့ စွပ်စွဲထားတာဖြစ်ပြီး ကျူးလွန်ကြောင်း ခိုင်မာရင် သေဒဏ်အထိ ပစ်ဒဏ်ချမှတ်နိုင်တာ ဖြစ်ပါတယ်။

မစ္စတာမော်စီ့ အမှုကို စစ်ဆေးတဲ့ နေရာဟာ အရင်ဖြုတ်အချခံခဲ့ရတဲ့ သမ္မတဟောင်း Hosni Mubarak ကို ရုံးတင်ခဲ့တဲ့ ကိုင်ရို ရဲသင်တန်းကျောင်းမှာ စစ်ဆေးတာဖြစ်ပါတယ်။ အမှုစစ်ဆေးရာနေရာအပြင်ဘက်မှာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတာပါ။ မစ္စတာမော်စီ့ကို ထောက်ခံသူတွေကတော့ ဒီလိုစစ်ဆေးတာဟာ တရားမဝင်လို့ ပြောဆိုပြီး ရုံးအပြင်မှာ စုဝေးကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG