သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ် မလိဇွပ်ဇော်မိုင် ကွယ်လွန်


KIO ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ် မလိဇွပ်ဇော်မိုင်
KIO ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ် မလိဇွပ်ဇော်မိုင်

ကချင်အမျိုးသားလွတ်မြောက်အဖွဲ့(KIO) ဥက္ကဌဟောင်းဖြစ်တဲ့ မလီဇွပ် ဇော်မိုင် ဟာ လူကြီးရောဂါနဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉ ၉ ၀ ပြည့်နှစ်ပိုင်း နဝတအစိုးရလက်ထက်က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ယူခဲ့ကြစဉ်က သူဟာ ကေအိုင်အေအတွက် ဦးဆောင်သူလက်မှတ်ထိုးခဲ့သူ တယောက်ဖြစ်ပါတယ်။ လက်နက်ကိုင် ကချင်အဖွဲ့အတွက် မလိဇွပ် ဇော်မိုင်ဦးဆောင်ခဲ့တဲ့ အခန်းကဏ္ဍတွေကို ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက တင်ပြထားပါတယ်။

ကချင်အမျိုးသားလွတ်မြောက်အဖွဲ့(KIO)ဥက္ကဌဟောင်းဖြစ်တဲ့ မလီဇွပ် ဇော်မိုင်ဟာ အောက်တိုဘာ ၂၇ ရက် သောကြာနေ့က အသက် ၈၂အရွယ်မှာ ကွယ်လွန်သွားပါတယ်။ သူ့ရဲ့ရုပ်အလောင်းကို ရန်ကုန်ကနေ မြစ်ကြီးနားကို သယ်ဆောင်သွားပြီဖြစ်ကြောင်း သားဖြစ်သူ ပဒါန်ဇော်ဒူကပြောပြပါတယ်။

"ဒီမနက် ၅နာရီ၃၅မိနစ်ပေါ့ ရန်ကုန်အာရှတော်ဝင်ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ စီတာပူ ကချင်နှစ်ချင်း ခရစ်ယာန်အသင်းမှာ ဈာပနလုပ်ပါမယ် မြစ်ကြီးနားမှာပဲင်္သဂြိုဟ်မှာပါ"

ကချင်အမျိုးသားလွတ်မြောက်အဖွဲ့(KIO)တည်ထောင်သူတဦးဖြစ်တဲ့ မလီဇွပ် ဇော်မိုင်ဟာ ကေအိုင်အိုဥက္ကဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်းမှာ စစ်ဦးစီးချုပ်တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကြိုးပမ်းမူတွေမှာလည်း ဦးဆောင် ပါဝင်ခဲ့သူဖြစ်တယ်လို့ သားဖြစ်သူပဒန်ဇော်ဒူက ဆိုပါတယ်။

"KIO ကို ပထမဦးဆုံးတည်ထောင်ခဲ့တဲ့ ဆဲဗင်းစတားအဖွဲ့ ၇ယောက်ထဲက နောက်ဆုံးသက်ရှိ ထင်ကျန်နေတဲ့ ဒီမနက်ထိပေါ့ သူက တာဝန်ထမ်းဆောင်ခဲ့တယ် co founder ထဲက တယောက်ပေါ့ KIO မှာနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တယ် ၂၀၀၁ထိ တာဝန်ထမ်းဆောင်တယ် ၁၉၉၄ခုနှစ်က နိုင်ငံတော်အစိုးရနဲ့ KIO တို့ငြိမ်းချမ်းရေး သဘောတူစာချုပ်ကိုလည်း သူက အဲဒီတုန်းက KIO ဥက္ကဋ္ဌကမရမ် ဘရန်ဆိုင်းနဲ့ သူကအဲဒီ တုန်းက သူက ဒုဥက္ကဌ နောက် ဥက္ကဌကြီးမရမ်ဘရန်ဆိုင်း ဆုံးသွားပြီဆိုတော့ သူကိုယ်တိုင် ကချင်ပြည်နယ်မှာငြိမ်းချမ်းရေးရဖို့အတွက်လုပ်ခဲ့တာပေါ့ လက်မှတ်ထိုးတဲ့နေရာမှာ သူဦးဆောင်ခဲ့တယ် ဥက္ကဋ္ဌ အနေနဲ့ လုပ်ခဲ့တယ် တဖက်မှလည်း စစ်ဦးစီးချုုပ်အနေနဲ့လုပ်ခဲ့တယ် ၂၀၀၁ခုနှစ်ထိ သူလုပ်ခဲ့ပါတယ်ခင်ဗျ။"

သူဟာ စစ်ရေးနိုင်ငံရေးအရ ခေါင်းဆောင်ကောင်းတဦးဖြစ်တယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ခေါင်းဆောင်ဒေါက်တာတူးဂျာက ဆိုပါတယ်။

"Co founder တယောက်ပါ တရားဝင်တည်ထောင်တဲ့အဖွဲ့မှာပါတယ် ၅၈ ၅၉ တက္ကသိုလ် ကျောင်းသားဘဝကတည်းက ၆၀ခု နှစ်အောက်တိုဘာ၂၅ကေအိုင်အိုကို ဖွဲ့စည်းချိန်မှာသူပါဝင်တယ် စစ်ရေးရော နိုင်ငံရေးအရေရော ကာင်းမွန်တဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။"

သူက လက်ရှိကေအိုင်အိုကနေ ၂၀၀၁ခုနှစ်ကစပြီး အနားယူခဲ့ပေမဲ့ လက်ရှိကာလမှာ ကချင်ပြည်နယ်အတွင်း မတည်မငြိမ်ဖြစ်နေတဲ့အခြေအနေပေါ် မူတည်ပြီးငြိမ်းချမ်းရေး အတွက် အမြဲပူပန်နေခဲ့တယ်လို့ သားဖြစ်သူကဆိုပါတယ်။

"အကောင်းဆုံးကတော့ငြိမ်းချမ်းရေးရဖို့အတွက်ပဲ ပြိးတော့ဒီဘက်မှာ စစ်ပြေးဒုက္ခသည်တွေနေရပ်ပြန်လာနိုင်ဖို့ နောက်ဆုံး တရားဥပဒေရေးအဆုံးပေါ့နော် ဖြစ်စေချင်တာက သူရင်တွင်းကဖြစ်ချင်တဲ့တကယ်ဆန္ဒတွေပါ။"

မလီဇွပ် ဇော်မိုင်ဟာ ဟာ ၁၉၃၆ခုနှစ်မှာမြစ်ကြီးနားမြို့ မန်ခရိန်ကျေးရွာ မှာမွေးဖွား ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာရန်ကုန်တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။ ၁၉၆၃ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ပါဝင်ခဲ့ပြီး တပ်ရင်းမှူး တပ်မဟာမှူးနဲ့ စစ်ဦးစီးချုပ် စတဲ့တာဝန်တွေကို ယူခဲ့သူဖြစ်ပါတယ်။ တိုင်းရင်းသားတပ်ပေါင်းစုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (မဒတ)မှာလည်း ဦးဆောင်ဗဟိုကော်မတီဖြစ်ခဲ့သလို မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်များအဖွဲ့ချုပ် မှာလည်း ဦးဆောင်ကော်မတီဝင်ဖြစ်ခဲ့ ပါတယ်။ ကွယ်လွန်ချိန်မှာ လည်ချောင်းကင်ဆာ အသည်း ဆီးချိုစတဲ့ လူကြီးရောဂါတွေနဲ့ ကွယ်လွန်သွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG