သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို ဒုသမ္မတအဖြစ်ရွေးချယ်


 ဒုသမ္မတအဖြစ်ရွေးချယ်ခံရတဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့် ( မတ် ၂၃-၂၀၁၈)
ဒုသမ္မတအဖြစ်ရွေးချယ်ခံရတဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့် ( မတ် ၂၃-၂၀၁၈)

လစ်လပ်သွားတဲ့ သမ္မတ နေရာအတွက် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယသမ္မတ တဦးရွေးချယ်ရာမှာ အများခန့်မှန်းထားတဲ့အတိုင်း ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်ယူခဲ့သူ ဦးဝင်းမြင့်ကို ရွေးချယ်လိုက်ပါတယ်။ နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ပွဲကိုတော့ မတ်လ ၂၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ကျင်းပသွားဖွယ် ရှိပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးမှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ ဒုတိယသမ္မတ တဦးကို ရွေးချယ် တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေး ပထမပိုင်းမှာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ရဲ့ ဒုတိယ သမ္မတလောင်း အမည်စာရင်းအဖြစ် ဦးဝင်းမြင့် (တာမွေမဲဆန္ဒနယ်)နဲ့ ဦးသောင်းအေး(ပျော်ဘွယ် မဲဆန္ဒနယ်) တို့ ၂ဦးကို အဆိုပြုခဲ့ပါတယ်။

အစည်းအဝေး ဒုတိယပိုင်းမှာ အမည်စာရင်း တင်သွင်းထားသူ ဒုတိယသမ္မတလောင်း ၂ဦးကို ဆန္ဒမဲလက်မှတ်နဲ့ လျှို့ဝှက်မဲ ပေးခဲ့သလို လွှတ်တော်ကိုယ်စားလှယ်များ ရှေ့မှောက်မှာ ဆန္ဒမဲတရွက်ချင်းကို စိစစ်ပြီး ရေတွက်ခဲ့ပါတယ်။

မဲရေတွက်ပြီးစီးချိန်မှာ မဲအများဆုံးရရှိသူ ဦးဝင်းမြင့်ကို ရွေးခြယ်တင်မြှောက်ကြောင်း ပြည်သူ့လွှတ်တေ်ာ ဥက္ကဌ ဦးတီခွန်မြတ်က အခုလို ကြေညာပါတယ်။

“ဦးဝင်းမြင့် တာမွေ မဲဆန္ဒနယ်က ရရှိတဲ့ ထောက်ခံ ဆန္ဒမဲ ၂၇၃မဲ။ ဦးသောင်းအေး(ပျော်ဘွယ် မဲဆန္ဒနယ်) က ရရှိတဲ့ ထောက်ခံ ဆန္ဒမဲ ၂၇မဲ ဖြစ်ပါတယ်။ ဒုတိယသမ္မတ ရွေးခြယ်တင်မြှောက်ပွဲမှာ ထောက်ခံဆန္ဒမဲ အများဆုံး ရရှိသူကတော့ ဦးဝင်းမြင့် (တာမွေမဲဆန္ဒနယ်) ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတများ ရွေးခြယ်တင်မြှောက်ခြင်း ဆိုင်ရာ နည်းဥပဒေ ၁၈အရ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်များ အစုအဖွဲ့က ဦးဝင်းမြင့်(တာမွေမဲဆန္ဒနယ်)ကို ဒုတိယသမ္မတအဖြစ် ရွေးခြယ်တင်မြှောက်ကြောင်း အတည်ပြု ကြေညာပါတယ်။”

ရွေးခြယ်တင်မြှောက်ခံရသူရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံကို ဆက်လက် တင်ပြသွားဖို့ ရှိကြောင်းလည်း ဆက်လက် ကြေညာခဲ့ပါတယ်။

“ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျာ။ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများ ရွေးခြယ် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၂၃အရ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ် တင်မြှောက်လိုက်တဲ့ ဒုတိယသမ္မတရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တေ်ာ နာယကထံ တင်ပြသွားမှာ ဖြစ်ပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃၊ ပုဒ်မခွဲ (ဃ)အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်တဲ့ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဦးဝင်းမြင့်အပါအဝင် ကျန် ဒုသမ္မတတွေဖြစ်တဲ့ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူတို့ ၃ယောက် အနက်ကနေ နိုင်ငံတော် သမ္မတ တဦးကို ပြန်လည် တင်မြှောက်မှာ ဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က တင်ပြတဲ့ ဒုတိယသမ္မတနဲ့ စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတ အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိ မရှိ ကို စိစစ်ရေးအဖွဲ့က တင်ပြဖို့ နဲ့ ဒီလို စိစစ်ရေးအဖွဲ့က တင်ပြပြီးတဲ့နောက်မှာ နိုင်ငံတော်သမ္မတ ရွေးခြယ် တင်မြှောက်ပွဲကျင်းပမယ့် နေ့ရက်ကို ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာမှာဖြစ်ကြောင်း လွှတ်တော်အစည်းအဝေး အစီအစဉ် လျာထားချက်မှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်သမ္မတ ရွေးခြယ် တင်မြှောက်ပွဲကို ဒီလ ၂၈ရက်လောက်မှာ ကျင်းပဖွယ်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက အခုလို ခန့်မှန်းပြောဆိုပါတယ်။

“၂၆ရက် နေ့မှာ ရွေးခြယ်ခံ ဒုတိယသမ္မတသည် သတ်မှတ်ထားတဲ့ သမ္မတတယောက်မှာ ရှိရမယ့် Criteria တွေနဲ့ ကိုက်ညီလား မကိုက်ညီလား ကြေညာပေးရမယ်။ ကြေညာပေးပြီးရင် အတည်ပြုမယ်။ ပြီးရင် ၂၈ရက်နေ့ ကျရင် ရွေးရမယ်။ ရွေးပြီးရင် ၂၉ရက်နေ့ ကျမ်းကျိန်ရမယ်။ ၃၀ရက်နေ့က သောကြာနေ့ဖြစ်သွားပြီ။ အဲဒီနေ့မှာကျတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေက ပြန်ပြီး session ပိတ်တာ လုပ်ရမှာ ဆိုတော့ ဆရာထင်ပါတယ် ၂၈၊ ၂၉ ပေါ့နော်၊ အဲဒါတွေက နောက်ဆုံးနေ့တွေပါပဲ။ ဒါ ဆရာ့အမြင်ပါနော်၊ သုံးသပ်ချက်ကလေးပါ။ ”

ဒုတိယသမ္မတ အဖြစ် ဒီကနေ့ ရွေးချယ်လိုက်တဲ့ ဦးဝင်းမြင့်ဟာ ၁၉၉၀ပြည့် ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသလို ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရန်ကုန်တိုင်း တာမွေမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် မတ်လ ၂၁ ရက်နေ့အထိ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG