သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသားအနေနဲ့ ပြည်တော်ပြန်ဖို့ NCGUB ဝန်ကြီးချုပ်ဟောင်းလိုလား


NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းနှင့် မိသားစု

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ကို မတရားအသင်း အဖြစ် ကနေ ပယ်ဖျက်ကြောင်းနဲ့ NCGUB အဖွဲ့ဝင်တွေကိုလည်း အကြမ်းဖက်သူများအဖြစ်ကနေ ပယ်ဖျက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်လ ၈ ရက်၊ မနေ့ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဝေးရောက်အစိုးရလို့လည်းခေါ်တဲ့ NCGUB ကို ၁၉၉၁ ခုနှစ်က ထိုင်းမြန်မာနယ်စပ် မာနယ်ပလောဒေသမှာဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပါ တယ်။ အခုလို မတရားအသင်း ကနေ မြန်မာအစိုးရက ပယ်ဖျက်ပေးလိုက်တာကြောင့် NCGUB အတွက် နိုင်ငံရေးလမ်းကြောင်း ပြန်ပြီး ပွင့်လာမလား၊ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ ဘယ်လိုပြန်ပြီးဆက်စပ်လာနိုင်မလဲ စတာတွေကို သိနိုင်ဖို့ NCGUBမှာ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာစိန်ဝင်းကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းတဲ့ အခါ ဒေါက်တာစိန်ဝင်းက အခုလိုစပြောပါတယ်။

ဒေါက်တာစိန်ဝင်း။ ။ နိုင်ငံရေးအခြေအနေတွေကလည်း ဆက်ပြီးတော့ မလိုအပ်လို့ ဖြစ်မှာပေါ့နော်၊ ဘာကြောင့်လဲ ဆိုတော့ ၁၉၉၁ - NCGUB စထောင်တဲ့အချိန်တုန်းက နိုင်ငံရေးအရ လိုအပ်နေတယ်လို့ သူတို့မြင်မှာပေါ့နော်။ NCGUB ကလည်း လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဖျက်သိမ်းထားပြီဆိုတော့ တရားဝင်လုပ်ပေးတယ်လို့ပဲ ကျနော်တော့ မြင်ပါတယ်။

VOA။ ။ မတရားအသင်းက ပယ်ဖျက်တယ်ဆိုတာ ဆရာတို့အဖွဲ့ကို တရားဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်တာလားခင်ဗျ။

ဒေါက်တာစိန်ဝင်း။ ။ အဲဒီလိုတော့ ကျနော် မထင်ဘူး။

VOA။ ။ ABSDF တို့လိုမျိုး လက်နက်ကိုင် အဖွဲ့အစည်းတွေတောင်မှ သူတို့တွေနဲ့လက်တွဲပြီးတော့ မြန်မာပြည်ထဲမှာ တရားဝင်လှုပ်ရှားနေကြတာ။ ဆရာတို့ အဖွဲ့ကို အခုကျမှ ပယ်ဖျက်တယ်ဆိုတာ ဘာကြောင့်ထင်ပါလဲခင်ဗျ။

ဒေါက်တာစိန်ဝင်း။ ။ ရယ်စရာပြောရရင်တော့ လက်နက်မကိုင်လို့ပေါ့ဗျာ။ (ရယ်လျှက်...) အဲဒီလိုတော့ မဟုတ်ပါဘူး၊ ဘာကြောင့်လဲတော့ ကျနော်လည်းမသိဘူး။ ဒီနေ့မှ ကျနော် ကြားရတာကိုး။ သို့သော်လည်းပဲ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒါ ရှင်းတော့သွားတာပေါ့ဗျာ။

VOA။ ။ ...ဆိုတော့ ရန်သူအဖွဲ့အစည်းအဖြစ် မသတ်မှတ်တော့ဘူးပေါ့လေ။

ဒေါက်တာစိန်ဝင်း။ ။ အဲလိုပဲ ပြောရတော့မှာပေါ့။

VOA။ ။ မြန်မာပြည်ဒီမိုကရေစီ အခု အကူးအပြောင်းကာလမှာ NCGUB ရဲ့အားထုတ်မှုတွေဟာ ဘယ်လောက်အထိ ထိရောက်မှုတွေ ရှိခဲ့တယ်လို့ ဆရာတို့ တွက်ပါသလဲခင်ဗျ။

ဒေါက်တာစိန်ဝင်း။ ။ အတိအကျတွက်ဖို့ကတော့ ခက်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ဒါက နိုင်ငံရေးကို။ ထိရောက်မှုတော့ ရှိတာတော့ သေချာပါတယ်။

VOA။ ။ မတရားအသင်းကနေပြီးတော့ တရားဝင် ပယ်ဖျက်လိုက်ပြီဆိုတော့ NCGUB အဖွဲ့အနေနဲ့ ဘာဆက်လုပ်ကြမလဲခင်ဗျ။

ဒေါက်တာစိန်ဝင်း။ ။ အဖွဲ့ဆိုတာကတော့ ခက်တယ်ဗျ။ NCGUB က အစိုးရအနေနဲ့ ဖွဲ့တာ။ အဖွဲ့အနေနဲ့ ဖွဲ့ထားတာ မဟုတ်ဘူး။ အဲဒီမှာ နည်းနည်း ပြောစရာရှိတာပေါ့ဗျာ။

VOA။ ။ ဆရာတို့က နိုင်ငံတကာမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂအပါအဝင် ကမ္ဘာပတ်ပြီးတော့ ဆရာတို့အဖွဲ့လုပ်ခဲ့တာ ဆယ်စုနှစ်နဲ့ချီရှိတယ်။ ဒီအတွေ့အကြုံက အခုလက်ရှိ NLD အစိုးရမှာမရှိတဲ့အတွေ့အကြုံပါခင်ဗျ။ ဆိုတော့-ဒီအတွေ့အကြုံတွေကို ဘယ်လို ဆက်လုပ်မလဲ။

ဒေါက်တာစိန်ဝင်း။ ။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ အတွေ့အကြုံတွေ၊ ဘာတွေကို ပြောချင်တာပေါ့နော်၊ ဒါပေမယ့်လို့ အခြေအနေကတော့ ပြောင်းသွားပြီ။ ကျနော်တို့ထွက်ပြီးတော့ နိုင်ငံတကာလှည့်တဲ့ အခြေအနေနဲ့ အခုအခြေအနေနဲ့ မတူတော့ဘူး။ သို့သော်လည်းပဲ တချို့အတွေ့အကြုံတွေကိုတော့ ကျနော်တို့ ပြောပြလို့ ရတာပေါ့ဗျာ။

VOA။ ။ ဆရာတို့ရဲ့ ဒီအတွေ့အကြုံတွေကို လက်ရှိအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လမ်းဖွင့်ပေးလိုက်တဲ့သဘောလို့ရော ယူဆလို့ ရပါသလားခင်ဗျ။

ဒေါက်တာစိန်ဝင်း။ ။ လမ်းဖွင့်ပေးတာ၊ မဖွင့်ပေးတာ- ဒါကတော့ တမျိုးပေါ့နော်၊ သို့သော်လည်းပဲ အခွင့်အလမ်းကတော့ ပေါ်လာတာပေါ့နော်။

VOA။ ။ ဆိုတော့- ဆရာကိုယ်တိုင်ကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးဖြစ်ခဲ့တော့ နိုင်ငံတကာအတွေ့အကြုံတွေလည်း ရှိခဲ့တယ်၊ ဒီဘက်မှာလည်း NCGUB မှာလည်း ဝန်ကြီးချုပ်အနေနဲ့ လုပ်ခဲ့တယ်။ အခုလို အခြေအနေပေါ်လာတဲ့အတွက်ကြောင့် ဆရာ နိုင်ငံရေး ပြန်ဆက်လုပ်ဖို့ အစီအစဉ် ရှိပါလားခင်ဗျ။

ဒေါက်တာစိန်ဝင်း။ ။ နိုင်ငံရေးကတော့ တိုင်းပြည်အရေးပါပဲ။ တိုင်းပြည်အရေးအတွက်တော့ ရှိတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ လုပ်စရာတွေက အများကြီးဗျာ။ သို့သော်လည်းပဲ အဖွဲ့အစည်းဖွဲ့ပြီးလုပ်တာမျိုးဘာမျိုး၊ နိုင်ငံရေးအဖွဲ့အစည်း- အဲဒါမျိုးကတော့ ကျနော် သိပ်မစဉ်းစားဘူး။

VOA။ ။ NLD အစိုးရဖြစ်လာတာ နှစ်နှစ်ရှိလာခဲ့ပြီ။ ဆရာတို့အဖွဲ့ကို အခုမှ ပယ်ဖျက်ရလား၊ နောက်ကျတယ်လို့ ထင်သလား။ အခုလို ပယ်ဖျက်ပေးတဲ့အတွက် လက်ရှိအစိုးရရဲ့ လုပ်ရပ်အပေါ်မှာ ဆရာဘာပြောချင်ပါလဲခင်ဗျ။

ဒေါက်တာစိန်ဝင်း။ ။ နောက်ကျတယ်လို့တော့ မပြောလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ - ပြီးပြီးသားကို ပြန်ပြီးတော့ ပြောနေတာထက် ရှေ့ဘယ်လိုသွားမလဲ၊ ကျနော်တို့ အမြန်ပြန်ချင်တယ်။ အမြန် ကိုယ့်ရဲ့ရဲဘော်တွေနဲ့ တွေ့ချင်တယ်။ အမြန် ဘာလုပ်မလဲ၊ ဒါတွေကတော့ ရှိတာပေါ့ဗျာ။ အမြန် ပြန်ချင်တာပေါ့။ ဒါပေမယ့်လို့ တချိန်တည်းမှာ ပြန်တဲ့အခါမှာ ကျနော့်အနေနဲ့တော့ နိုင်ငံသားအနေနဲ့ ပြန်ချင်တယ်။ ထွက်လာတုန်းကလည်း ဗမာပြည်သား။ အခုလည်း ဗမာပြည်သား၊ အဲဒီလို ကျနော်တို့ကို ဗမာပြည်သား passport ပြန်ပေးပါ။ ကျနော် အဲဒါကို ကိုင်ပြီးတော့ ပြန်ချင်တယ်။

NCGUB ရဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့တဲ့ ဒေါက်တာစိန်ဝင်းကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG