သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Khan ထောက်ခံသူတွေနဲ့ ရဲတွေကြား ပဋိပက္ခဖြစ်


PAKISTAN-POLITICS-KHAN
PAKISTAN-POLITICS-KHAN

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan တရားစွဲခံထားရတဲ့ အမှုကို ရင်ဆိုင်ဖို့ Islamabad မြို့တော်ကို ရောက်ရှိနေချိန်မှာပဲ သူ့အပေါ် ထောက်ခံသူတွေနဲ့ ရဲတွေကြား တရားရုံးနားမှာ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ကြား ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ် နိုင်ငံခြား ဧည့်သည်တော်တွေပေးတဲ့ လက်ဆောင်တွေကို ရောင်းစားတယ်လို့ဆိုပြီး တရားစွဲခံံထားရတာပါ။

အဲဒီအမှု ရုံးချိန်းအတွက် ဝန်ကြီးချုပ်ဟောင်း Khan မြို့တော်ကို ဒီနေ့ရောက်လာတာ ဖြစ်ပါတယ်။ သူ့ကို ထောက်ခံသူတွေက ရဲတွေကို ခဲတွေ၊ မျက်ရည်ယိုဗုံးခွံတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့အတွက် ရဲတွေဘက်က မျက်ရည်ယိုဗုံးနဲ့ ထပ်ပြီးပစ်ခဲ့ရတယ်လို့ Islamabad မြို့ရဲချုပ်က ဒေသခံ အသံလွှင့်ဌာနတခုကို ပြောကြားခဲ့ပါတယ်။ အခုလို Islamabad မြို့တော်မှာ ရဲနဲ့ ထောက်ခံသူတွေ ပဋိပက္ခဖြစ်ခဲ့သလို၊ Lahore မြို့မှာလည်း ဖြစ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Khan မြို့တော် Islamabad ကိုသွားနေချိန်မှာ သူရဲ့နေအိမ်ကို ရဲတွေ ဝင်ရောက်စီးနင်းရှာဖွေစဉ် ရဲနဲ့ သူ့အပေါ်ထောက်ခံသူတွေ ပြဿနာဖြစ်ခဲ့ကြတာပါ။ အိမ်ထဲမဝင်နိုင်အောင် တားဆီးပိတ်ဆို့ထားတဲ့ လူအုပ်ကြီးကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့သလို လူအုပ်ကြီးဘက်ကလည်း ရဲတွေကို ပြန်လည် တိုက်ခိုက်ခဲ့ကြတယ်လို့ ရဲကပြောပါတယ်။

အယောက် ၃၀ ထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့လည်း ပြောပါတယ်။ အခုလို ပဋိပက္ခတွေ ဖြစ်နေချိန်မှာ သူ့ရဲ့ ဇနီးသည် အိမ်ထဲမှာ ရှိနေတယ်လို့ Islamabad မြို့တော်မှာ ရောက်နေတဲ့ Imran Khan က Twitter ပေါ်မှာ ရေးတင်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ကသူ့အပေါ် စွဲဆိုမှုတွေကို ငြင်းဆန်ထားပြီး နိုင်ငံရေးအရ တရားစွဲခံရတာ ဖြစ်တယ်လို့ ပြောနေပါတယ်။

==== Unicode =====





XS
SM
MD
LG