တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ တနင်္ဂနွေနေ့က တွေ့ဆုံကြတယ် လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်း ဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ အဲဒီလိုတွေ့ဆုံတာမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် ဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်လုပ်ဆောင်ဖို့ အခိုင်အမာ ပြောဆိုကြတယ်လို့ သတင်းထဲမှာ ရေးထားပေမဲ့ ဘယ်မှာ တွေ့ဆုံတယ်ဆိုတာကိုတော့ အတိအကျ ရေးမထားပါဘူး။
နှစ်နိုင်ငံအကြား ပြီးပြည့်စုံတဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမှာ သိသာ တဲ့တိုးတက်မှု ရထားတဲ့အကြောင်း၊ တရုတ်- မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောက်ရေးနဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုအားကောင်းလာစေရေးအတွက် မြန်မာနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်ချင်တယ်လို့ ဝန်ကြီး Wang Yi က ပြောတဲ့အကြောင်း ဆင်ဟွာ သတင်းမှာ ပြောထားပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ တိုးတက်မှုရထားတဲ့အပေါ် တရုတ်နိုင်ငံက ဝမ်းမြောက်ပါကြောင်းနဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေကို အားပေးဖို့ရာ အပြုသဘောဆောင် အခန်းကဏ္ဍကနေ ပါဝင်ဖို့လည်း ဝန်ကြီး Wang Yi ကပြောပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး၊ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေးတွေအတွက် တရုတ်က ကူညီ လုပ်ဆောင်ပေးတဲ့အပေါ် မြန်မာနိုင်ငံက ကျေးဇူးတင်ပါကြောင်းနဲ့ မြန်မာနဲ့တရုတ်အကြား ပြီးပြည့်စုံတဲ့ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေးကို အဆင့်သစ်တခုရောက်အောင် တွန်းအားပေးဖို့ မျှော်လင့်ထားကြောင်း သမ္မတဟောင်း ဦးသိန်းစိန်ဘက်က ပြောခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။