စကော့တလန် ဝန်ကြီးချုပ်ဟောင်း နီကိုလာ စတာဂျင်န် Nicola Sturgeon ကို တနင်္ဂနွေနေ့ က ခုနစ်နာရီ ကြာ ရဲ က ဖမ်းဆီး မေးမြန်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ စကော့တလန် အမျိုးသားရေး ပါတီ (SNP) ရဲ့ ၂၀၁၇ ခုနှစ်တုန်း က ရှာဖွေခဲ့တဲ့ ရံပုံငွေ ဒေါ်လာ ၇ သိန်းခွဲကျော် (၇၅၄၁၄၀) ကိစ္စအတွက် ခုလို စုံစမ်းမေးမြန်းတာ ဖြစ်ပါတယ်။ ရဲ နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ သူ ပြောခဲ့တဲ့အတိုင်းပဲ၊ စတာဂျင်န် Sturgeon ဟာ ဒီ စုံစမ်းစစ်ဆေးမှု နဲ့ ပတ်သက်ပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ သူ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။ ဧပြီလတုန်းကလည်း သူ့ ခင်ပွန်း Peter Murrell၊ ပါတီ ဘဏ္ဍာရေးမှူး Colin Beattie တို့ ကို စစ်ဆေးခဲ့ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း SNP ဟာ စကော့တလန် နိုင်ငံရေး ကို လွှမ်းမိုးခဲ့တာပါ။ နှစ်ပေါင်း ၃၀၀ ကျော် အင်္ဂလန် နဲ့ တွဲတာကို ခွဲထွက်ဖို့ ကြိုးစားခဲ့ပေမဲ့၊ ၂၀၁၄ ခုနှစ် လူထုဆန္ဒခံယူပွဲမှာ ၅၅ - ၄၅ ရာနှုန်း နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂကနေ ခွဲထွက်ခဲ့ပြီးတဲ့နောက် ကိုဗစ်ကာလအလွန်မှာ ခွဲရေး ကို ထောက်ခံသူအသစ်တွေရရှိလာခဲ့ပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီလမှာ စတာဂျင်န် Sturgeon နှုတ်ထွက်ခဲ့ပြီးတဲ့နောက် SNP ပါတီနဲ့ ခွဲရေးကို ထောက်ခံတာကလည်း ကျဆင်းသွားခဲ့ရပြန်ပါတယ်။ ပါတီတွင်းအကွဲအပြဲများစေတဲ့အတွက် သူ့ ခေါင်းဆောင်မှုနဲ့ စကော့တလန် ခွဲထွက်ဖို့မဖြစ်နိုင်တာကြောင့် နှုတ်ထွက်တာဖြစ်တယ်လို့ စတာဂျင်န် က ပြောခဲ့တာပါ။ SNP ပါတီ ဟာ စကော့တလန်မှာ အကြီးဆုံးပါတီဖြစ်ပေမဲ့ လာမယ့် ၂၀၂၄ ရွေးကောက်ပွဲ မှာတော့ အမတ်နေရာအတော်များများ လေဘာပါတီကို စွန့်လွှတ်ရဖွယ်ရှိတယ်လို့ သဘောထားစစ်တမ်းတချို့ က ပြနေပါတယ်။