သုံးရလွယ်ကူစေသည့် Link များ

ယူကရိန်းသမ္မတဟောင်း ၃ ဦး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုထောက်ခံ

  • ဗွီအိုအေ (မြန်မာဌာန)

ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေး စာချုပ်ကို လက်မှတ်မထိုးတဲ့အတွက် ယူကရိန်းသမ္မတ Viktor Yanukovych နှုတ်ထွက်ပေးဖို့ ယူကရိန်းပြည်သူတွေ ဆက်လက် ဆန္ဒပြနေတာကို သမ္မတဟောင်း ၃ ယောက်တို့က ထောက်ခံလိုက် ကြပါတယ်။

ဆန္ဒပြသူတွေကို ထောက်ခံကြောင်းကို ယူကရိန်းသမ္မတဟောင်း ၃ ဦးတို့ ဖြစ်ကြတဲ့ Leonid Kravchuk၊ Leonid Kuchma နဲ့ Viktor Yushchenko တို့က ဗုဒ္ဓဟူးနေ့မှာ ပူးတွဲကြေညာချက် ထုတ်ခဲ့ပါတယ်။

နိုင်ငံတကာရဲ့ ၀င်ရောက်စွက်ဖက်မှုမရှိဘဲ ယူကရိန်းတို့အနေနဲ့ ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင်ရွေးချယ်ခွင့် ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ယူကရိန်းနိုင်ငံရဲ့ အိမ်နီးချင်း Moldova နိုင်ငံမှာ ပြောဆိုချိန်မှာဘဲ အခုလို ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂနဲ့ သဘောတူညီမယ့်အရေးကို ယူကရိန်းတို့ဘက်က ဖျက်ဖို့အတွက် စီးပွားရေးနဲ့ ကုန်သွယ်ရေးတို့မှာ ရုရှားအစိုးရက ဖိအားပေးတယ်ဆိုတဲ့အပေါ်မှာ ၀န်ကြီးကယ်ရီ က ရည်ညွှန်းပြောဆိုခဲ့ပုံ ရပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ မြို့တော် Kyiv နဲ့ တခြားမြို့တွေမှာ ဆန္ဒပြသူတွေ အုံကြွလာတာမို့ ယူကရိန်းဝန်ကြီးချုပ် Mykola Azarov က ဆန္ဒပြသူတွေအနေနဲ့ သူတို့ လုပ်ဆောင်ချက်တွေကြောင့် ပြစ်မှုဆိုင်ရာ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အတိုက်အခံတွေက အကြမ်းဖက်မှုတွေဖြစ်အောင် လုပ်ဆောင်နေကြတယ်လို့လည်း နောက်ပိုင်းမှာ သူက စွပ်စွဲလိုက်ပါတယ်။ ဒီလို သတိပေးထားပေမဲ့လည်း ပြည်ထဲရေး ၀န်ကြီးကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြသူတွေကို အင်အားမသုံးဖို့ ရဲတွေကို အမိန့်ထုတ်ထားပါတယ်။

သမ္မတ Yanukovych အစိုးရက ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ငြင်းဆိုပြီး နိုင်ငံရဲ့ စီးပွားရေးအတွက် ရုရှားတို့နဲ့ ပိုပြီး ခိုင်မာအောင် ကြိုးစားလုပ်ဆောင်မယ်လို့ ကြေညာလိုက်ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်က ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
XS
SM
MD
LG