သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးသမားတွေကို မြန်မာစစ်တပ်ခြိမ်းခြောက်ဟု Fortify Rights အပြစ်တင်


လူ့အခွင့်အရေး အတွက် ထုတ်ဖော်ပြောဆိုသူတွေ၊ လူ့အခွင့်အရေးကို ကာကွယ်သူတွေနဲ့ သတင်းထောက်တွေကို မြန်မာစစ်တပ်က ခြိမ်းခြောက်တဲ့ အပြုအမူတွေ တိုးပြီးလုပ်လာနေတယ်လို့ ဆိုပြီး ဒီအပေါ်မှာ အထူးစိုးရိမ်တဲ့အကြောင်း လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့လက ရှမ်းပြည်နယ်နယ်မှာ ကချင် စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ထိခိုက်နိုင်တဲ့ လုပ်ရပ်တွေကို အာဏာပိုင်တွေက လုပ်ဆောင်နေတယ်လို့လည်း ဝေဖန်လိုက်တာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ပဋိ့ပက္ခဒေသတွေမှာ ဖြစ်ပွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အပြစ်ကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူမယ့်အစား ဒီလို ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးစားသူတွေအပေါ် မြန်မာစစ်တပ်က ခြိမ်းခြောက် ပြောဆိုတာတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တခု ဖြစ်တဲ့ Fortify Rights အဖွဲ့က ဝေဖန်လိုက်တာပါ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်လို့ ပြောဆိုသူတွေကို ဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်တာတွေဟာ အစိုးရနဲ့ စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ် ကိစ္စတခု ဖြစ်လာနေတယ်လို့ ဆိုပြီး ဒါဟာ စိုးရိမ်စရာ ဖြစ်တဲ့အကြောင်း Fortify Rights အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး တယောက်ဖြစ်တဲ့ Amy Smith က ပြောပါတယ်။

“ကျမတို့အနေနဲ့ ဒီကိစ္စကို အရေးကြီးတဲ့ကိစ္စတခုအဖြစ်နဲ့ အများသိအောင် ထောက်ပြရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံထဲမှာ စိုးရိမ်စရာ အခြေအနေတွေ တွေ့လာနေရလို့ပါပဲ။ မြန်မာစစ်တပ်ဟာ သတင်းထောက်တွေ၊ လူ့အခွင့်အရေး အတွက် ကာကွယ်ပြောဆိုသူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်သူတွေကို ခြိမ်းခြောက်နေပါတယ်။ မြန်မာစစ်တပ် အနေနဲ့ ကိုယ်နဲ့ သဘောထားမတူ သူတိုင်းကို လိုက်ပြီး နှုတ်ပိတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို လက်ခံရပါမယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တကယ်ပဲ လိုလားတယ်ရင် သမ္မတရုံးအနေနဲ့လည်း ပြည်သူတွေရဲ့လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေကို ကာကွယ်ပေးရပါလိမ့်မယ်။”

ပြီးခဲ့တဲ့လက ကချင် စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး ရှမ်းပြည်နယ်တွင်းမှာ မတရားပြုကျင့် သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမှုမှန် ဖော်ထုတ်ဖို့ ကြိုးစားသူတွေအပေါ် ခြိမ်းခြောက်တာတွေ ရှိခဲ့သလို၊ ဒီ့မတိုင်ခင်တုန်းကလည်း ကချင်တိုင်းရင်းသား ဦးဘရန်ရှောင်ကို သူ့ရဲ့ အသက် ၁၄ နှစ်အရွယ် သမီးငယ် သေဆုံးမှုမှာ မြန်မာစစ်တပ်က တာဝန်ရှိတယ်လို့ စွပ်စွဲခဲ့တဲ့ အတွက် အရေးယူခဲ့တာတွေ ရှိခဲ့တယ်လို့ Fortify Rights အဖွဲ့က ထောက်ပြပါတယ်။

“ပြီးခဲ့တဲ့ ဇန်နဝါရီလက ကချင်ဆရာမနှစ်ဦး သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ဆက်စပ်ပြီး ကျမတို့ ခုလို ကြေညာချက် ထုတ်ရတာပါ။ ကျောင်းဆရာမနှစ်ဦးရဲ့ အလောင်းတွေကို တွေ့ခဲ့ရပြီးတဲ့နောက် ဒေသခံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဒါဟာ မြန်မာစစ်သားတွေက မတရားပြုကျင့်ပြီး သတ်ဖြတ်ခဲ့တာလို့ ဆိုပြီး စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်က တကယ့်ကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်ပါ။ ဒီလို ပြောဆိုချက်တွေ ထွက်ပေါ်လာပြီးနောက်မှာပဲ မြန်မာစစ်တပ်က ဒီကိစ္စမှာ သူတို့ မပါဝင် မပတ်သက်ဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့သလို၊ မြန်မာစစ်တပ် ပါဝင် ပတ်သက်နေတယ်လို့ ပြောဆိုသူတွေကိုလည်း အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။”

ကချင် ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရတဲ့ကိစ္စ အမှုမှန် ဖော်ထုတ်နိုင်အောင် လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ မြန်မာအစိုးရကို တောင်းဆိုကြောင်းလည်း Amy Smith က ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး အပြစ်ကျူးလွန်သူတွေကို အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူခြင်း မရှိတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးစားသူတွေအပေါ် ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့ ဆိုပြီး ဒီအခြေအနေတွေကို အမြန်ဆုံး ရပ်တန့်ဖို့ မြန်မာအစိုးရကို Fortify Rights အဖွဲ့က တောင်းဆိုထားပါတယ်။

XS
SM
MD
LG