သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသတ်ခံရတဲ့ ကချင်အရပ်သားနှစ်ဦးရဲ့ မိသားစုဝင်များ တိမ်းရှောင်နေရ


ကချင်ပြည်နယ် မံစီမြို့နယ်က သတ်ဖြတ်ခံရတဲ့ ကချင် စစ်ဘေးရှောင် အမျိုးသား နှစ်ဦး
ကချင်ပြည်နယ် မံစီမြို့နယ်က သတ်ဖြတ်ခံရတဲ့ ကချင် စစ်ဘေးရှောင် အမျိုးသား နှစ်ဦး

ကချင်ပြည်နယ် မံစီမြို့နယ်က သတ်ဖြတ်ခံရတဲ့ ကချင် စစ်ဘေးရှောင် အမျိုးသား နှစ်ဦးနဲ့ရဲ့ မိသားစုဝင်တွေ လုံခြုံရေး စိုးရိမ်ချက်ကြောင့် ရှောင်ပုန်းနေကြရကြောင်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ တဝန်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေဟာ တရားဥပဒေရဲ့ အကာအကွယ်ကို အပြည့်အ၀ မရသလို လုံခြုံရေး အတွက်လည်း စိုးရိမ်နေရတယ်လို့လည်း ထောက်ပြလိုက်ပါတယ်။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

မံစီမြို့နယ် မိုင်းခေါင် ကျေးရွာက ဒုက္ခသည် စခန်းကနေ အသက် ၆၅ နှစ် အရွယ် ဦးဖော်ခန်းယော်၊ အသက် ၃၅ နှစ် အရွယ် အင်ခွမ်နော်ဆန်း (ခေါ်) ဒေါဂျနော်ဆန်းတို့ နှစ်ဦး ဇန်နဝါရီလ ၃၁ ရက်နေ့က ရွာအနီးမှာ ကျွဲကျောင်းထွက်ရင်း စစ်တပ် စစ်ကြောင်းက ဖမ်းခေါ်သွားပြီးနောက် ၁ လကျော်ကြာမှာ အလောင်းတွေကို တွေ့ခဲ့ရတာပါ။ မိသားစုရဲ့ တိုင်ကြားချက်အရ လူသတ်မှုနဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတဲ့ ကာလအတွင်း စစ်တပ်ဘက်က ပြန်ပြီး အမှုဖွင့်လာတာကြောင့် မိသားစုဝင်တွေ ပုန်းအောင်းနေကြ ရကြောင်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ Fortify Rights ကပြောဆို လိုက်ပါတယ်။ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောပါတယ်။

"အသတ်ခံရသူတွေရဲ့ မိသားစုဝင်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေ အပေါ် ကျနော်တို့ အလွန် စိုးရိမ်ပါတယ်။ အသတ်ခံရသူတွေရဲ့ မိသားစုဝင်တွေ အခု ပုန်းနေကြရပါတယ်။ ဒီလိုလုပ်တာလည်း ကောင်းပါတယ်။ မိသားစုဝင် တဦးဆိုရင် စွဲချက်တင်ခံထားရပြီး ဖြစ်ပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုတွေကို မေးမြန်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာဟာဆိုရင်လည်း စစ်တပ်ဘက်က မိသားစုကို နုတ်ပိတ်သွားအောင် လုပ်လာနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ ထင်ပါတယ်။"

Fortify Rights က ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ လက်ခံရရှိတဲ့ စာရွက်စာတမ်းမှာတော့ စစ်တပ်က ဗိုလ်ကြီး ကျော်ထွန်းအောင် ဆိုသူက မံစီမြို့နယ်မှာ သတ်ဖြတ်ခံရသူ ဖော်ခန်းယော်ရဲ့ ချွေးမဖြစ်သူကို ထောင်ဒဏ် ၃ နှစ်ထိ ကျခံရနိုင်တဲ့ မတရားသင်းနဲ့ ဆက်သွယ်မှုနဲ့ အမှုဖွင့်ကြောင်း ဖော်ပြထားပါတယ်။ အသတ်ခံရသူ နှစ်ဦးက ကချင်လက်နက်ကိုင် အဖွဲ့ KIA ကမှန်း သိရက်နဲ့ ချွေးမဖြစ်သူ ကော့အောန်းက အာဏာပိုင်တို့ကို အကြောင်းမကြားဘဲ ထိန်ချန်ထားတာလို့လည်း ဗိုလ်ကြီး ကျော်ထွန်းအောင် ဆိုသူက စွပ်စွဲထားတယ်လို့ Fortify Rights က ပြောဆိုထားတာပါ။

အသတ်ခံရသူတွေရဲ့ မိသားစုဝင်တွေ၊ မျက်မြင် သက်သေတွေကို အကာအကွယ်ပေးရေး မြန်မာ အစိုးရဘက်က အခိုင်အမာ ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လိုအပ်နေပြီလို့လည်း Fortify Rights က တိုက်တွန်းထားပါတယ်။

­­"မြန်မာနိုင်ငံက ခက်ခဲရှုပ်ထွေးတဲ့ အခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့ အတွက် ကုလသမဂ္ဂဘက်က အချက်အလက်ရှာ အဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။ ဒီလို စုံစမ်းစစ်ဆေးမှုတွေက လူမှု အသိုင်းအဝိုင်းအတွက် သိပ်ပြီး အသုံးဝင်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ­ဒါပေမယ့် အစိုးဘက်က နိုင်ငံတွင်း ဝင်ပြီး လုပ်ခွင့်မပေးပါဘူး။ ဒါက သတိကြီးကြီး ထားရမယ့် ကိစ္စပါ။ ဒါကိုကြည့်ရင် အမှန်တရားကို ဖုံးဖိထားဖို့ အတွက် စစ်တပ်နဲ့ အရပ်ဘက် အာဏာပိုင်တွေ တနည်းတဖုံနဲ့ ပေါင်းလုပ်နေကြတာလို့ ကျနော်တို့ကတော့ ယူဆပါတယ်။ ဒါက မြန်မာပြည်သူတွေ အတွက်ရော ဒေသတွင်း အတွက်ပါ ပြသနာပါ။"

စစ်တပ်ရဲ့ အမှုဖွင့်တိုင်ကြားချက်ကြောင့် လက်တုံ့ပြန်ခံရမယ့် အရေး စိုးရိမ်ချက်နဲ့ အသတ်ခံရသူ နှစ်ဦးရဲ့ မိသားစုဝင်တွေ မံစီမြို့နယ် မိုင်ခေါင်ကျေးရွာကနေ ထွက်ပြေး ပုန်းရှောင်နေကြပြီး အခု ဒီလူတွေ ဘယ်မှာ ရှိနေလဲ ဆိုတာ မသိရသေးဘူးလို့လည်း Fortify Rights အဖွဲ့က ပြောဆိုထားပါတယ်။

ရှမ်း၊ ကချင်နဲ့ ရခိုင် ပြည်နယ်တွင်းက အရပ်သားတွေ သတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်တဲ့ တပ်မတော် အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေကိုတော့ စစ်ခုံရုံတင်ခဲ့ပြီး ပြစ်ဒဏ်စီရင်ခဲ့တာထဲမှာတော့ မောင်တောမြို့နယ် အင်းဒင်ရွာက မူဆလင် ၁၀ ဦးကို သတ်ဖြတ်မှုအတွက် အရာရှိနဲ့ တပ်ဖွဲ့ဝင် ၇ ဦးကို မကြာခင်က ပြစ်ဒဏ်ချမှတ်ခဲ့သလို မံစီမြို့နယ် မိုင်းခေါင် ကချင် စစ်ရှောင် ၃ ဦးကို သတ်ဖြတ်ခဲ့မှုတွေ အတွက် တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၆ ဦးကိုလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG