သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတန်းသပိတ် အင်အားသုံးဖြိုခွင်းမှု လူ့အခွင့်အရေးအဖွဲ့တွေ အစီရင်ခံစာထုတ်


လက်ပံတန်းကျောင်းသားသပိတ်ကို ဖြိုခွင်းရာမှာ အကြမ်းဖက်ကိုင်တွယ်ခဲ့တဲ့ ရဲဝန်ထမ်းတွေကို ဖော်ထုတ်အရေးယူသင့်ပြီး၊ မှားယွင်းစွာ ဖမ်းဆီးထားတဲ့ ဆန္ဒပြကျောင်းသားတွေကို ပြန်လွှတ်ပေးသင့်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့နဲ့ Harvard ဥပဒေတက္ကသိုလ် နိုင်ငံတကာ လူ့အခွင့်အရေးဌာနတို့ ပူးတွဲ ထုတ်ပြန်တဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။ လက်ပံတန်းသပိတ်ကို ဖြိုခွင်းမှုမှာ ရဲတွေက အင်အား အလွန်အကျွံသုံးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ မတ်လတုန်းက ပဲခူးတိုင်း လက်ပံတန်းမြို့နယ်အတွင်း ပညာရေးဥပဒေပြင်ဆင်ရေး ချီတက်ဆန္ဒပြကြတဲ့ ကျောင်းသားသပိတ်ကို ဖြိုခွင်းချိန်မှာ ရဲတွေက အင်အား အလွန်အကျွံ သုံးခဲ့တယ်ဆိုတာကို ဓာတ်ပုံအထောက် အထား ၅၀၀ ကျော် ဗွီဒီယိုဖိုင် ၄၀ ကျော်မှာ စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့ထုတ် Fortify Rights လူ့အခွင့်အရေးအဖွဲ့နဲ့ Harvard ဥပဒေတက္ကသိုလ်တို့ ပူးတွဲထုတ်တဲ့ အစီရင်ခံစာမှာ ရေးထားတာပါ။

လက်ပံတန်းမှာ ရဲတွေရဲ့ပြုမူပုံဟာ နိုင်ငံတကာဥပဒေအရလည်း မညီတာကြောင့် အဲဒီရဲတွေကို အရေးယူ အပြစ်ပေးသင့်တယ်လို့ Harvard ဥပဒေတက္ကသိုလ် နိုင်ငံတကာ လူ့အခွင့်အရေးကျွမ်းကျင်သူ Tyler Giannini က ပြောပါတယ်။

“အခြေခံ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး အင်အား အလွန်အကျွံသုံး လုပ်ဆောင်ခဲ့တဲ့ အဲဒီရဲတွေကို ဖော်ထုတ် အရေးယူ အပြစ်ပေးသင့်ပါတယ်။ နောက်ထပ် စိုးရိမ်စရာကောင်းတဲ့ အချက်က ဖမ်းဆီးထားစဉ် ရဲအချုပ်ထဲမှာ ကျောင်းသားတွေ အရိုက်နှက် ခံနေရတာလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စုဝေးခွင့် မရှိသေးတဲ့ အခြေအနေဟာ အင်မတန် စိုးရိမ်စရာ ဖြစ်ပါတယ်။”

လက်ပံတန်းသပိတ် ဖြိုခွင်းချိန်ဟာ နေ့ခင်းအချိန်မှာဖြစ်ခဲ့ပြီး အဖြစ်အပျက်တွေကို သေချာ ရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။ တကယ်တော့ လက်ပံတန်းသပိတ်အတွင်း ရဲတွေဟာ အဓိကရုဏ်း ဖြိုခွင်းတဲ့ ရဲစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်တာမျိုး မရှိခဲ့ဘူးလို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ရှင်းပြပါတယ်။

“နိုင်ငံတကာ ရဲတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်မှုတွေ ဖြိုခွင်းတဲ့အခါမှာ ကြည့်ပါ။ ပထမဦးဆုံး မီးသတ်ပိုက်နဲ့ပက်မယ်၊ ဒါမှမဟုတ် ငရုပ်ရည်နဲ့ ပက်မယ် စသဖြင့်ပေါ့လေ တဆင့်ပြီးတဆင့် သွားတာဖြစ်တယ်။ အခုက အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ သတိပေးတားမြစ်ချက်တွေ ကြေညာနေတဲ့အချိန်မှာပဲ ဝင်ရောက်ပြီးတော့ ရိုက်နှက်ဖမ်းဆီးတာဖြစ်တဲ့အတွက် ရဲတွေရဲ့ အဓိကရုဏ်း နှိမ်နင်းပုံ နှိမ်နင်းနည်းနဲ့ မကိုက်ညီဘူး။ လက်ရှိ ပြဌာန်းထားတဲ့ ဥပဒေပြဌာန်းချက်တွေအတိုင်း လိုက်နာဆောင်ရွက်တာမဟုတ်ဘူးလို့ ကျနော်တို့က ပြောရခြင်းဖြစ်တယ်။”

မြန်မာအစိုးရဟာ ကိုယ်ပေးထားတဲ့ကတိကို ချိုးဖျက်ပြီး လက်ပံတန်းသပိတ်ကို ဖြိုခွင်းခဲ့တာ ဖြစ်တယ်လို့လည်း ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

“အစိုးရအဖွဲ့ကလည်း ဒီကျောင်းသားတွေကို မဖမ်းပါဘူးဆိုပြီးတော့ ကတိပေးပြီးတော့မှ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းပြီးတော့ ဖမ်းဆီးတယ်ဆိုတဲ့ကိစ္စက အစိုးရကိုယ်တိုင်ကိုယ်က ကတိကို ချိုးဖောက်ပြီးတော့ အခုလိုမျိုး ဖြစ်ရပ်ကို တမင်ဖန်တီးပြီးတော့ လုပ်ယူတယ်လို့ ကျနော်တို့က မြင်တယ်။ ရဲတပ်ဖွဲ့တွေရဲ့ ပြုမူ ဆောင်ရွက်ချက်တွေ အပေါ်မှာကြည့်ရင် လိုအပ်တာထက် ပိုမို အင်အားသုံးပြီးတော့ အကြမ်းဖက် ဖြိုခွင်းတယ်ဆိုတာတွေကို ကျနော်တို့ တွေ့ရတယ်။ တရားရုံးမှာ စစ်ဆေးတဲ့ စစ်ဆေးချက်တွေ အရကိုကလည်း ဒီအချက်အလက်တွေ ပေါ်လွင်ပြီးသားဖြစ်တယ်လို့ သိရပါတယ်။”

အခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့အချိန်နီးလာပြီ ဖြစ်တဲ့အတွက် အာဏာပိုင်တွေက ရဲတွေကို အသုံးပြုပုံနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ စိုးရိမ်မိကြောင်း Harvard တက္ကသိုလ်က Tyler Giannini က ပြောပါတယ်။

“ရွေးကောက်ပွဲနီးလာချိန်မှာ ပြည်သူတွေကလဲ နိုင်ငံတခုလုံးအရေးနဲ့ ပတ်သက်လို့ သူတို့ရဲ့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖေါ်ပြသလာ နိုင်ပြီး၊ အာဏာပိုင်တွေက ရဲတွေသုံးပြီး လက်ပံတန်းမှာလို အကြမ်းဖက်ဖြိုခွဲမှာကို ကျနော်တို့ စိုးရိမ်မိပါတယ်။”

လက်ပံတန်းသပိတ်ဖြိုခွင်းမှုမှာ ကျောင်းသားအများစုနဲ့ ဝန်းရံပြည်သူတွေ အပါအဝင် သတင်းထောက်တွေပါ စုစုပေါင်း ၁၃၀ နီးပါး အဖမ်းခံခဲ့ရပါတယ်။ အားလုံးဟာ အမှုမျိုးစုံနဲ့ တရားစွဲခံရကာ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး တချို့ဆိုရင် ထောင်ဒဏ် ၉ နှစ်ခွဲအထိ ကျခံရဖွယ်ရှိနေပါတယ်ခင်ဗျာ။

XS
SM
MD
LG